တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ရေကြီးမှုများကြောင့် အနည်းဆုံး လူပေါင်း(၃ဝ)ဦး သေဆုံး

768

Pika (NP News) - သြဂုတ် ၆
တရုတ်နိုင်ငံ ပေကျင်းမြို့ အပါအဝင် နိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သော ရေကြီးမှုများကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး လူ(၃ဝ)ဦးထိ ရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်၊၊
ပေကျင်းမြို့တွင် (၁၀)ဦးသေဆုံးခဲ့ပြီး ပေကျင်းမြို့မှ ကီလိုမီတာ(၁၅ဝ)ခန့်အကွာတွင်ရှိသော Baoding မြို့တွင် ရေကြီးမှုများကြောင့် အနည်းဆုံးလူ(၁၈)ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က တရုတ်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း Doksuri ဝင်ရောက်တိုက်ခတ်ချိန်အတွင်း မိုးရွာသွန်းမှု သည် နှစ်ပေါင်း(၁၄ဝ)အတွင်း မိုးရွာသွန်းမှု အမြင့်ဆုံးဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဩဂုတ်လ (၅)ရက်တွင် Baoding မြို့ရှိ နေထိုင်သူ(၁၁ ဒသမ ၅) သန်းအနက် (၆)သိန်းကျော်ကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ မြေပြိုမှုများရှိလာနိုင်သည့်အတွက် ပေကျင်းမြို့တွင် အနီရောင်အဆင့် သတိပေးချက်ကို ဆက်လက်ထုတ်ပြန်ထားရဆဲဖြစ်ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပေကျင်းမြို့အနီးတစ်ဝိုက်တွင် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး အခြေခံအဆောက်အဦးများ ပျက်စီးခဲ့ကာ သန့်ရှင်းရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လများအတွင်း ပြင်းထန်သည့်ရာသီဥတုဒဏ်ကိုခံစားခဲ့ရပြီး အပူလှိုင်း စံချိန်တင် ဖြတ်သန်းမှုများနှင့် လူအသေအပျောက်များသည့် ရေကြီးမှုများကို ဆက်တိုက်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ထို့အပြင် တရုတ်နိုင်ငံတွင် ဇူလိုင်လအတွင်း လူပေါင်း (၁၆)သန်းနီးပါးခန့် သဘာဝဘေးအန္တရာယ်ဒဏ်ကိုခံခဲ့ရပြီး သေဆုံးသူဦးရေ(၁၄၇)ဦးထိ ရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လတွင် မှတ်တမ်းတင်ထားသော သေဆုံးမှုများသည် ရေကြီးမှု (သို့မဟုတ်) ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။