ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိတရားခံပြေး (၂) ဦးကို တာချီလိတ်တွင် ဖမ်းမိကာ ပြန်လည်လွှဲပြောင်းပေး

 383

ချယ်ရီ(NP News)-ဇူလိုင် ၁၇

မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိတရားခံပြေး (၂) ဦးကို ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်)တွင် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)သည် မြန်မာနိုင်ငံမူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)ထံသို့ ထိုင်းနိုင်ငံအတွင်း မူးယစ်ပြစ်မှုများကျူးလွန်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် Mr.Techin Nowong (မစ္စတာ တိချန်းနဝန်)နှင့် Mr. Chamang Kanthawong (မစ္စတာချမန်ကန်ထဝန်)တို့ (၂) ဦးကို ကူညီစုံစမ်းဖော်ထုတ်ဖမ်းဆီးပေးပါရန် သတင်းဖလှယ်ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ အဆိုပါတရားခံပြေး( ၂) ဦးကို ဇူလိုင်လ (၁)ရက်တွင် တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးနားလည်မှုစာချွန်လွှာအရ အဆိုပါအလိုရှိတရားခံ (၂ )ဦးကို နှစ်နိုင်ငံတည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)သို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၂)၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစီအစဉ်အရ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နယ်စပ်ဖြတ်ကျော် မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် ပြစ်မှုကျူးလွန်သူများကို အပြန်အလှန်ဖော်ထုတ် ဖမ်းဆီးလွှဲပြောင်းပေးခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေသည့်အပြင် ဒေသတွင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
မြန်မာ့ဒူးရင်းသီး ကို (၂၀၂၇) ခုနှစ်တွင် ပြည်ပသို့အလုံးအရင်းဖြင့် တင်ပို့မည်

ပြည့်ဖြိုး (NP News) - ဇူလိုင် (၁၇) ရက်

မြန်မာ့ဒူးရင်းသီးကို လာမယ့် (၂၀၂၇) ခုနှစ်အတွင်း ပြည်ပဈေးကွက်ဆီအလုံးအရင်းဖြင့် တင်ပို့ရောင်းချသွားနိုင်ရန် လျာထားဆောင်ရွက်နေကြောင်းဒူရင်းစိုက်ပျိုးတင်ပို့ရောင်းချသူများအသင်း က သိရသည်။

ပြည်ပဈေးကွက်ကို လက်ရှိ ဒူရင်းတင်ပို့မှုရှိနေသော်လည်း အနည်းအကျဉ်းသာဖြစ်ပြီး လာမယ့် ၂၀၂၇ ခုနှစ်တွင် အလုံးအရင်းဖြင့်ပို့သွားနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

" ၂၀၂၇ မှာ နိုင်ငံခြားကို အလုံးအရင်းနဲ့ရောင်းချပြီး နိုင်ငံခြားတင်ပို့နိုင်ဖို့ဆောင်ရွက်သွားမှာပါ။ (၂၀၂၅-၂၀၂၆) တင်ပို့မယ်ဆို အနည်းငယ်သာဖြစ်မှာပါ ။ (၂၀၂၇) မှာ တင်ပို့နိုင်မယ့် အရေအတွက်နဲ့ စိုက်ပျိုးနိုင်မယ့် အရေအတွက်များမှာပါ ။ မလေးရှားနိုင်ငံမှာရောင်းချနေတဲ့မျိုးတွေ ၊ တကယ့်မျိုးကောင်းမျိုးသန့်တွေ မြန်မာပြည်မှာ တော်တော်စိုက်ပျိုးထားပါတယ်"ဟု ဒူးရင်းစိုက်ပျိုးတင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုကဲ့သို့တင်ပို့သွားနိုင်ရန် လက်ရှိတွင် ဒူရင်းစိုက်ပျိုးမှုတွေကို တိုးချဲ့လုပ်ဆောင်နေသလို ၊ ဒူရင်းစိုက်တောင်သူတွေ ကို လည်း နည်းပညာ ပေးတာ ၊ အသီးခူးစွတ်နည်းလမ်း ၊ ပိုးမွှား ကာကွယ်တဲ့နည်းလမ်း မျှဝေပေးခြင်းများ လုပ်ဆောင်ပေးနေကြောင်းသိရသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ ဒူရင်းစိုက်ပျိုးမှု ဧက (၄ဝဝဝ) နှင့် (၆ဝဝဝ) ကြားစိုက်ပျိုးထားကြောင်းသိရသည်။ ဒူရင်းသီးကို စနစ်တကျစိုက်ပျိုးမည်ဆိုပါက ရေခံ ၊မြေခံရှိလို့ ဈေးကောင်းရနိုင်ပြီး အခြေအနေကောင်းတဲ့ သီးနှံစိုက်ပျိုးရေးဈေးကွက်တစ်ခု ဖြစ်ကြောင်းသိရသည်။

ယခုနှစ် ပြည်တွင်းဈေးကွက်အတွင်း ဒူရင်းသီး 1kg ကို ကျပ် (၁၅၀၀၀) နှင့် ကျပ် (၂၀၀၀၀) ကြားအနိမ့်ဆုံးရောင်းရပြီး၊ အသားခွာထားတာဆို 1kg ကို ကျပ် (၉၀၀၀၀) မှ ကျပ် (၁ဝဝဝဝဝ) ကြား ရောင်းချကြကြောင်း ဒူရင်းသီးဈေးကွက်အတွင်းမှ သိရသည်။

Related news

© 2021. All rights reserved.