(၇၈)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ် ရောင်းရငွေ ကျပ်သန်း (၇၃၀၀)ကျော် ရရှိထား

1116

စော (NP News) - ဩဂုတ်၃၁
မနက်ဖြန်(စက်တင်ဘာ ၁ ရက်) တွင် ဖွင့်လှစ်မည့် (၇၈)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်သန်း (၇၃၀၀)ကျော် ရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ယနေ့ (ဩဂုတ်လ ၃၁ ရက်) တွင် အသိပေးကြေညာထားခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁) ရက်တွင် ကျင်းပမည့် (၇၈)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲအတွက် “က” အက္ခရာမှ အစဉ်လိုက် “ဈ” အက္ခရာအထိ စုစုပေါင်း အက္ခရာ (၉)လုံးအား ခွဲဝေရောင်းချရာတွင် ထီစာအုပ် (၇၃၆၃၆၂)အုပ်ကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထီလက်မှတ်ရောင်းရငွေမှာ ကျပ်(၇၃၆၃ ဒသမ ၆၂၀ ) သန်းရရှိခဲ့၍ ၇ဝ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည်ဖြစ်သောကြောင့် ငွေကျပ်(၅၁၅၄ ဒသမ ၅၃၄) သန်းကို ထီဆုငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
ထို့ပြင် (၇၇)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှ ဆုမဲတန်ဖိုးမပြည့်မီသည့် ကျပ်သန်း (၀ ဒသမ ၆၆၂) ကို ပေါင်းထည့်ဖွင့်လှစ်သွားမည်ဖြစ်၍ စုစုပေါင်း ငွေကျပ် (၅၁၅၅ ဒသမ ၁၉၆) သန်းဖြစ်ပြီး အဆိုပါ ၇ဝ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများအပြင် ဘဏ္ဍာသိမ်းရငွေ ကျပ် (၂၅၀) သန်းကို လည်း ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(၇၈) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်မည့် အထူးဆုသည် ငွေကျပ်သိန်း (၅ဝဝဝ) တစ်ဆု၊ ငွေကျပ်သိန်း(၂ဝဝဝ) တစ်ဆုနှင့် ကျပ်သိန်း(၁ဝဝဝ)တစ်ဆုဖြစ်ကြောင်း သိရသည်။
ထို့ပြင် (၂၁)ကြိမ်မြောက် အောင်ဘာလေအွန်လိုင်းသိန်းဆုဖွင့်ပွဲကို မနက်ဖြန် (စက်တင်ဘာလ ၁ ရက်) တွင် သီးခြားခွဲ၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်များ ရောင်းရငွေအပေါ်မှ (၇၀)ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ခွဲဝေ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို မနက်ဖြန် (စက်တင်ဘာလ ၁ ရက်)၊ နံနက်(၈)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို မွန်းလွဲ (၂)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
စော (NP News) - ဩဂုတ်၃၁