(၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်

1618

သုတကျော် (NP News) - အောက်တိုဘာ ၂၀
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်မည့် (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ယာယီ သမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည် ဖြစ်ကြောင်း News Straits Times သတင်းဌာန ၏ သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ အစည်းအဝေးကို အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက် အထိ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ (KLCC) ၌ ပြုလုပ်မည် ဖြစ်ကာ အာဆီယံ သမိုင်းတွင် အကြီးဆုံး အစည်းအဝေး များထဲမှ တစ်ခု ဖြစ်လာရန် မလေးရှားနိုင်ငံ က မျှော်မှန်း ဆောင်ရွက်နေသည်။
အစည်းအဝေးသို့ ယာယီ သမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ်၊ ဘရူနိုင် စူလ်တန် တို့ အပါအဝင် အာဆီယံ ခေါင်းဆောင်များလည်း တက်ရောက်မည် ဖြစ်သည့် အပြင် အမေရိကန် သမ္မတ၊ ကနေဒါ ဝန်ကြီးချုပ်၊ ဘရာဇီး သမ္မတ၊ တောင်အာဖရိက သမ္မတ အပါအဝင် အခြား နိုင်ငံများမှ ခေါင်းဆောင် များလည်း တက်ရောက်ကြမည် ဖြစ်သည်။
ယခု အစည်းအဝေးသို့ အာဆီယံ ၏ ဆွေးနွေးဖက် နိုင်ငံသစ် အဖြစ် ဘရာဇီးသမ္မတ နှင့် တောင်အာဖရိက သမ္မတ တို့ တက်ရောက်လာကြခြင်း ဖြစ်ပြီး ယခု အစည်းအဝေးသို့ တရုတ်သမ္မတ တက်ရောက်ဖြစ်၊ မဖြစ် မသေချာသေးကြောင်းလည်း အဆိုပါ သတင်းအရ သိရသည်။
သံတမန်ရေးနှင့် စီးပွားရေး ဦးစားပေးကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းရန် ရည်ရွယ်၍ အာဆီယံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးများနှင့် စီးပွားရေးရာဝန်ကြီးများ ပူးတွဲအစည်းအဝေးများ ပါဝင်မည် ဖြစ်ပြီး တီမောလက်စ်တေ နိုင်ငံ က အာဆီယံ အဖွဲ့ က လက်ခံကြောင်း ကြေငြာချက်ကိုလည်း လက်မှတ်ထိုးမည် ဖြစ်သည်။

Zawgyi Version:
(၄၇) ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးအစည္းအေဝးသို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္မည္
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၀
မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕တြင္ ျပဳလုပ္မည့္ (၄၇) ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးအစည္းအေဝးသို႔ ယာယီ သမၼတ ႏိုင္ငံေတာ္ လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္မည္ ျဖစ္ေၾကာင္း News Straits Times သတင္းဌာန ၏ သတင္းတြင္ ေဖာ္ျပထားသည္။
အဆိုပါ အစည္းအေဝးကို ေအာက္တိုဘာလ ၂၆ ရက္မွ ၂၈ ရက္ အထိ ကြာလာလမ္ပူ ကြန္ဗင္းရွင္းစင္တာ (KLCC) ၌ ျပဳလုပ္မည္ ျဖစ္ကာ အာဆီယံ သမိုင္းတြင္ အႀကီးဆုံး အစည္းအေဝး မ်ားထဲမွ တစ္ခု ျဖစ္လာရန္ မေလးရွားႏိုင္ငံ က ေမွ်ာ္မွန္း ေဆာင္႐ြက္ေနသည္။
အစည္းအေဝးသို႔ ယာယီ သမၼတ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ထိုင္းဝန္ႀကီးခ်ဳပ္၊ ဘ႐ူႏိုင္ စူလ္တန္ တို႔ အပါအဝင္ အာဆီယံ ေခါင္းေဆာင္မ်ားလည္း တက္ေရာက္မည္ ျဖစ္သည့္ အျပင္ အေမရိကန္ သမၼတ၊ ကေနဒါ ဝန္ႀကီးခ်ဳပ္၊ ဘရာဇီး သမၼတ၊ ေတာင္အာဖရိက သမၼတ အပါအဝင္ အျခား ႏိုင္ငံမ်ားမွ ေခါင္းေဆာင္ မ်ားလည္း တက္ေရာက္ၾကမည္ ျဖစ္သည္။
ယခု အစည္းအေဝးသို႔ အာဆီယံ ၏ ေဆြးေႏြးဖက္ ႏိုင္ငံသစ္ အျဖစ္ ဘရာဇီးသမၼတ ႏွင့္ ေတာင္အာဖရိက သမၼတ တို႔ တက္ေရာက္လာၾကျခင္း ျဖစ္ၿပီး ယခု အစည္းအေဝးသို႔ တ႐ုတ္သမၼတ တက္ေရာက္ျဖစ္၊ မျဖစ္ မေသခ်ာေသးေၾကာင္းလည္း အဆိုပါ သတင္းအရ သိရသည္။
သံတမန္ေရးႏွင့္ စီးပြားေရး ဦးစားေပးကိစၥရပ္မ်ားကို ေပါင္းစပ္ညႇိႏႈိင္းရန္ ရည္႐ြယ္၍ အာဆီယံသမိုင္းတြင္ ပထမဆုံးအႀကိမ္အျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားႏွင့္ စီးပြားေရးရာဝန္ႀကီးမ်ား ပူးတြဲအစည္းအေဝးမ်ား ပါဝင္မည္ ျဖစ္ၿပီး တီေမာလက္စ္ေတ ႏိုင္ငံ က အာဆီယံ အဖြဲ႕ က လက္ခံေၾကာင္း ေၾကျငာခ်က္ကိုလည္း လက္မွတ္ထိုးမည္ ျဖစ္သည္။