ပြည်သူများ၏သတင်းပေးမှုကြောင့် အောက်တိုဘာလအတွင်း တရားမဝင်ကုန်စည် သန်း(၆)ထောင်ကျော်ခန့် ဖမ်းဆီးရမိခဲ့

99

သက်ပိုင် (NP News) - နိုဝင်ဘာ ၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီတိုင်း ဒေသကြီး/ ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ အတွင်း တရားမဝင်ကုန်စည် သန်း(၆)ထောင်ကျော်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် (၂၀၂၅) ခုနှစ် အောက်တိုဘာလအတွင်း၌ သတင်းမှန် (၄၉)ကြိမ် ရရှိခဲ့ပြီး သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ (၁၁၉) မှု၊ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးငွေကျပ်သန်း (၆၄၇၇ ဒသမ ၁၂) နှင့် တရားမဝင်ကုန်စည်များ တင်ဆောင် လာသည့် မော်တော်ယာဉ်များ အပါအဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့်လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်က ထုတ်ပြန်ထားသည်။
ထိုသို့ဖမ်းဆီးရမိသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများမှာ စက်မှုကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ တရားမဝင်သစ်မျိုးစုံ နှင့် ဆေးဝါးများဖြစ်ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း လျှို့ဝှက်ပေးထားမည်ဖြစ်ပြီး ဖမ်းဆီးရမိ မှု ခန့်မှန်းတန်ဖိုးငွေကျပ် သန်း (၆၄၇၇ ဒသမ ၁၂၀) ၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် (၁၂၉၅ ဒသမ ၄၂၄) သန်းကို သတင်းပေးဆုကြေးငွေအဖြစ်ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ မြန်မြန် ဆန်ဆန် ဆုချီးမြှင့်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တရားမဝင် တင်ပို့/တင်သွင်းမှုများကြောင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ်များစွာ ဆိုးကျိုးသက်ရောက်ခြင်းကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း- (၀၉-၆၉၉၆၁၁၁၁၆)၊ အော်တိုတယ်လီဖုန်း နံပါတ်-(၀၆၇-၄၀၉၈၈၃) နှင့် အီးမေးလ် [email protected] သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။