‘လူသိများ အောင်မြင်ဖို့ ပရိသတ်ကိုမထီမဲ့မြင်ပြုမူလာတဲ့ သီချင်းဆိုပြိုင်ပွဲ’

387

အိဖြူ (NP News) - ဖေဖော်ဝါရီ ၇
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “ပွဲရှာပြီး နာမည်ကြီးစေတဲ့ အဆိုပြိုင်ပွဲ၊ အကယ်ဒမီပွဲမတက်ဖြစ်ကြောင်း သင်ဇာဝင့်ကျော်အသိပေး၊ ရုပ်ရှင်ပြန်ရိုက်ဖို့ နန္ဒာလှိုင်အတွေးပေါ်” စတဲ့ အနုပညာ ဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။
Myanmar Star စီစဉ်သူနဲ့ အောင်ခန့်ပိုင်တို့ရဲ့လုပ်ရပ်
Myanmar Star သီချင်းဆိုပြိုင်ပွဲ စီစဉ်တင်ဆက်မှုနဲ့ပတ်သက်ပြီး ရုပ်သံအစီအစဉ်တင်ဆက်သူ၊ အခမ်းအနားမှူး အသိုင်းအဝိုင်းက တစ်ပြိုင်နက် ရှုတ်ချဝေဖန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဂီတ၊ ရုပ်ရှင်၊ အနုပညာဝါသနာပါတဲ့ လူငယ် တွေအတွက် စီစဉ်ကျင်းပလျက်ရှိတဲ့ ပြိုင်ပွဲတွေများစွာရှိတဲ့အနက် Myanmar Star သီချင်းဆိုပြိုင်ပွဲ ပဲ့ကိုင်သူ၊ စီစဉ်ထုတ်လွှင့်သူနဲ့ တင်ဆက်သူတို့က အရည်အသွေးအနိမ့်ပါးဆုံးဖြစ်တယ်လို့ အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်။
ဆိုရှယ်ပလက်ဖောင်းထက်မှာ “မသိအုံးဟ” ဆိုတဲ့ပြောဆိုပေါက်တစ်ခုကြောင့်လူသိလာတဲ့ တေးသံရှင်ဆိုသူ အောင်ခန့်ပိုင်ကို Myanmar Star သီချင်းဆိုပြိုင်ပွဲက စီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်စေခဲ့တာပါ။ တင်ဆက်သူ အဖြစ်ဆောင်ရွက်တဲ့၎င်းက ပြိုင်ပွဲဝင်တွေရဲ့ အင်္ဂလိပ်သီချင်းသီဆိုယှဉ်ပြိုင်မှုပွဲစဉ်မှာ အင်္ဂလိပ်ဘာသာစကားပြောဆိုမှု အသံထွက်လွဲမှားစွာ တမင်ပြောဆိုခြင်း၊ အစီအစဉ် လူသိများစေရုံရည်ရွယ်ချက်နဲ့ စာလုံးအဓိပ္ပာယ်အမှားများကိုသာ ပြောဆိုပြုမူခြင်း၊ ပြိုင်ပွဲဝင်တွေအပေါ် စိတ်အနှောင့်အယှက်ဖြစ်ပေါ်စေခြင်း၊ အစီအစဉ်ကိုကြည့်ရှုမယ့်ပရိသတ်တွေ အပေါ် လေးစားမှုမရှိခြင်း စတဲ့ အပြုအမူပေါင်းများစွာက အစီအစဉ် တင်ဆက်သူတစ်ဦး မဖြစ်ထိုက်ကြောင်း၊ ဒီပြိုင်ပွဲဟာ ပြိုင်ပွဲဝင် ဝါသနာရှင် ဂီတမျိုးဆက်သစ်လူငယ်တွေအတွက် လှေကားထစ်မဖြစ်နိုင်ဘဲ Myanmar Star အတွက် စီးပွားရေးတစ်ခုသာဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ကြတာပါ။ ဒီနေရာမှာ အောင်ခန့်ပိုင်ရဲ့ မိခင်ဘာသာစကားမဟုတ်တဲ့ အင်္ဂလိပ်စာ အသံထွက်လွဲမှားခြင်းကို ကဲ့ရဲ့ကြခြင်းလုံးဝမဟုတ်တဲ့အပြင် ပွဲစီစဉ်သူတွေရဲ့ အစီအစဉ်တစ်ခု လူသိများ လာစေဖို့အတွက် လုပ်ဆောင်ခဲ့တဲ့ ဇာတ်တိုက် လုပ်ကွက်တွေပေါ်လွင်ခဲ့ခြင်းကြောင့်သာ လူအများက ပြစ်တင်ပြောဆို နေကြခြင်းဖြစ်ပါတယ်။
“Mic တစ်လုံးပေးပြီးအသံထွက်ရဲတာနဲ့ Professional Host, Master of Ceremony တစ်ယောက်ဖြစ်မလာဘူး။ လိုအပ်ချက်တွေ၊ အတုယူစရာတွေ၊ သင်စရာတွေ၊ လေ့လာစရာတွေနဲ့ စိတ်တွေအများကြီးလိုတယ်။ ကျွန်တော်တို့ ရပ်တည်နေတဲ့ professional အလုပ်ကို မလေးစား၊ တန်ဖိုးမထား၊ စော်ကားတာပဲ။ အုတ်ရောရော၊ ကျောက်ရော ရောတော့ အထင်မခံပါရစေနဲ့ တန်ဖိုးထားပါ။ မလေးမစားနဲ့ အသံထွက်ရဲရုံလောက် ကောင်တွေ စင်ပေါ်မတင်ပါနဲ့”လို့ အစီအစဉ်တင်ဆက်သူ ရုပ်ရှင်သရုပ်ဆောင် ကျော်ထက်အောင်က ပြောဆိုခဲ့တာပါ။ အလားတူ အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်၊ သဇင်နွယ်ဝင်း၊ ဖြိုးဖြိုးခိုင်နဲ့ တခြား မြန်မာနိုင်ငံက နာမည်ကြီးအစီအစဉ်တင်ဆက်သူတွေကလည်း မိမိတို့ရဲ့အလုပ်ကိုတန်ဖိုးထားခြင်းဖြင့် ဆိုတဲ့စာသားတွေနဲ့အတူ Myanmar Star သီချင်းဆိုပြိုင်ပွဲရဲ့ သရုပ်ပျက်မှု အပေါ် ရှုတ်ချခဲ့ကြတာပါ။ Myanmar Star ပြိုင်ပွဲက တစ်ချိန်ကလည်း အကဲဖြတ်ဒိုင်နဲ့စီစဉ်သူကြား အဆင်မပြေမှုများစွာ ဖြစ်ခဲ့ဖူးတာပါ။ တေးသံရှင်အောင်ခန့်ပိုင်က အနုပညာမီဒီယာတစ်ခုနဲ့အင်တာဗျူးမှာ “Trend ဖြစ်သွားတဲ့ အင်္ဂလိပ် သီချင်းယှဉ်ပြိုင်မှုမှာ ကျွန်တော်က Marketing တစ်ခုအနေနဲ့ ရိုးရိုးလေးပြောလိုက်ရင် From This Moment on သီချင်းခေါင်းစဉ်ကို ဖရွှန်ဆင့်နိမ်းမန်းနော်၊ ဆောင်းနိမ်းခအောမိ”လို့ ပြန်လည်ဖြေရှင်းခဲ့ပြီး အောင်ခန့်ပိုင်က ၎င်းရဲ့ Marketing Skill လို့ ထပ်မံကာ လွဲမှားစွာပြောဆိုလျက်ရှိလို့နေပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဂီတအစည်းအရုံး တာဝန်ရှိသူတွေရဲ့ရှေ့မှောက်မှာ Myanmar Star ပွဲစီစဥ်သူနဲ့ အောင်ခန့်ပိုင်တို့က ခံဝန်လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
Myanmar Star ပြိုင်ပွဲမှာ Winner အဖြစ် ရွေးချယ်ခံရသူက ဆုကြေးငွေ ကျပ် သိန်း(၁၂၀ဝ)တိတိ ချီးမြှင့်ခံရမှာဖြစ်ပြီး၊ လက်ရှိမှာတော့ အကဲဖြတ်ဒိုင်အဖြစ် တေးရေး နောင်နောင် (S.F) နဲ့ အဆိုတော် အောင်ကိုကိုတို့က ဆောင်ရွက်နေတာဖြစ်ပါတယ်။

အကယ်ဒမီပွဲမတက်ရောက်နိုင်တော့ကြောင်း သင်ဇာဝင့်ကျော် အသိပေး
ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်က ဒီနေ့ ဖေဖော်ဝါရီလ (၇)ရက် ညနေပိုင်း နေပြည်တော်မှာကျင်းပမယ့် (၂၀၂၅)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီး မြှင့်ပွဲအခမ်းအနားကို မတက်ရောက်နိုင်တော့ကြောင်းကို ဖေဖော်ဝါရီလ (၄)ရက်ကတည်းက Thin Zar Wint Kyaw Facebook Page ကနေ အသိပေးဖော်ပြထားပါတယ်။ အကြောင်းပြချက်မှာ “သင်ဇာ အခုအစာအိမ်ရောင်လို့ ဆေးရုံတက်နေရပါတယ်။ လောလောဆယ် ကျန်းမာရေးအခြေအနေကြောင့် ပျက်ကွက် ခဲ့တဲ့အလုပ်များလည်း ရှိခဲ့တဲ့အတွက် အားလုံးနားလည်ပေးစေချင်ပါတယ်”လို့အသိပေးထားခြင်းဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က (၂၀၂၂) ခုနှစ် ဩဂုတ်လက အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နဲ့ ပြစ်ဒဏ်(၅)နှစ် ချမှတ်ခံခဲ့ရပြီးနောက် (၂) နှစ်နဲ့ (၆)လခန့်အကြာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ် မြောက်ခဲ့တာပါ။ ပြစ်ဒဏ်ခံယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ (၂၀၂၄) ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ သူ့အနေနဲ့ အစာအိမ်ရောဂါကြောင့် ဆေးကုသမှုခံနေရတဲ့အတွက် အကယ်ဒမီပေးပွဲအခမ်းအနားကို တက် ရောက်နိုင်ခြင်းမရှိတော့ကြောင်း ပြောထားတာပဲဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က (၂၀၂၆) ခုနှစ် ဇန်နဝါရီလပိုင်းက Sexy Dance ကပြဖျော်ဖြေမှုကြောင့် အမှုဖွင့်တိုင်ကြား ခံခဲ့ရပြီး၊ အဲဒီအမှုအတွက်လည်း လက်ရှိမှာ ပြန်လည်ဖြေရှင်းနေရဆဲဖြစ်တယ်လို့ကြားသိရပါတယ်။ (၂၀၂၅) ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနဲ့ပတ်သက်ရင်လည်း ဝါရင့်အနုပညာရှင်ကြီးတွေအပါအဝင် အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေထဲ ပါဝင်ထားတဲ့အနုပညာရှင်တချို့ပင် အကယ်ဒမီဆုပေးပွဲအခမ်းအနား ဖိတ်စာရ ခြင်း၊ မရခြင်းအတွက် ဝေဖန်သံတွေထွက်ပေါ်ခဲ့တာပါ။ တချို့အနုပညာရှင်တွေက စီစဉ်သူတွေရဲ့ လုပ်ဆောင်မှုအားနည်း ချက်တွေကိုထောက်ပြခဲ့ကြပြီး၊ ပွဲအခမ်းအနား မတက်ရောက် ခြင်းက ဖိတ်စာမရခြင်းကြောင့်သာဖြစ်ကြောင်း ကြိုတင် ပြောဆိုမှုတွေလည်းရှိခဲ့တာပါ။
ဖေဖော်ဝါရီလ ပထမပတ်မှာကတည်းက အကယ်ဒမီဆုစာရင်းပေါက်ကြားမှုအဖြစ် မင်းသားနေတိုး၊ မင်းသမီး ဖွေးဖွေး၊ ရတနာဗိုလ်၊ ဆင်မ၊ မျိုးသန္တာထွန်းဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဆုစာရင်းပေါက်ကြားမှုသတင်းက မှန်/မမှန်ကိုတော့ (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့(စနေနေ့) ညပိုင်းကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီး မြှင့်ပွဲကိုစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။
နှစ်စဉ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနဲ့ပတ်သက်ရင် ပွဲကျင်းပနိုင်ရေးအတွက် စတင်ချိန်မှ ဆန်ခါတင်ဆုစာရင်း ရလဒ်များကြေညာပြီးချိန်နောက်ပိုင်းထိလည်း ပရိသတ်ဆန္ဒနဲ့ ထပ်တူကျမှုကွဲပြားလျက်ရှိ မြဲဖြစ် တာမို့ ဝေဖန်သံတွေကထွက်ပေါ်မြဲဖြစ်ပါတယ်။

နန္ဒာလှိုင် ရုပ်ရှင်ပြန်ရိုက်တော့မလား
လွန်ခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးကြီးတစ်ဦးဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသမီး နန္ဒာလှိုင် က “ရုပ်ရှင်တစ်ကားလောက်ရိုက်ရင်ကောင်းမလား၊ သမီးတွေအတွက် အမှတ်တရ”ဆိုတဲ့ Post တစ်ခုကို Facebook Page မှာတင်ခဲ့ပြီးနောက် အားပေးတိုက်တွန်းသူ များပြားလျက်ရှိပါတယ်။
အဆိုပါပိုစ့်တက်လာပြီးနာရီပိုင်းအတွင်း သူရဲ့ ပင်တိုင် ဆံပင်၊ မိတ်ကပ် ပညာရှင် ညီညီမောင် စမ်းချောင်းက လည်း နန္ဒာလှိုင်ထံ ဆက်သွယ်လာတဲ့ထုတ်လုပ်သူတွေ များပြားလျက်ရှိကြောင်း အနုပညာမီဒီယာတွေနဲ့တွေ့ဆုံစဉ် အသိပေးပြောပြမှုရှိခဲ့ပါတယ်။
နန္ဒာလှိုင်အနေနဲ့ ဦးဇေသီဟနဲ့အိမ်ထောင်ပြုပြီး သမီးအကြီးကို ကိုယ်ဝန်ရှိစဉ်ကတည်းက ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကားရိုက်ကူးမှုနဲ့ အနုပညာနဲ့သက်ဆိုင်သမျှအလုပ် အားလုံးကိုရပ်နားခဲ့တာ ၎င်းရဲ့သမီးသုံးယောက် တစ်သက် ပင်ဖြစ်လို့နေပြီဖြစ်ပါတယ်။ ဒါ့ပြင် သမီးသုံးယောက်ကို အနုပညာအသိုင်းအဝိုင်းထဲ ထိတွေ့ပတ်သက်စေတာမျိုး မပြုလုပ်ခဲ့သလို၊ ၎င်းကိုယ်တိုင်ကလည်း အနုပညာလောကနဲ့အဆက်အသွယ်ဖြတ်တောက်ကာ မိသားစုအတွက်သာ အချိန်အပြည့်အဝပေးရင်း သာမန်အိမ်ထောင်ရှင်မအဖြစ် သမီးတွေရဲ့ပညာရေးကိုသာ ဦးစားပေးသူဖြစ်ပါတယ်။
ထူးဆန်းလှစွာပဲ နန္ဒာလှိုင်ကိုယ်တိုင်က “သမီးတွေအတွက်အမှတ်တရ ရုပ်ရှင်ပြန်ရိုက်ရင်ကောင်းမလား” ဆိုတဲ့ အတွေး/အပြောနဲ့တင် သူရဲ့ပရိသတ်တွေက အလွမ်းပြေပျော်ရွှင်နေကြတာကိုသတိပြုမိပါတယ်။ နန္ဒာလှိုင်က သူရဲ့ အတွေးအတိုင်း လက်တွေ့အကောင်အထည်ဖော်လာမလားဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးစာရင်း ဝင်ခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသမီးနန္ဒာလှိုင်ကို ဘယ်ထုတ်လုပ်ရေးက လက်ဦးမှုရယူသွားနိုင်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ နားစွင့်ရဦးမှာပဲဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့နားခွင့်ပြုပါ။

Zawgyi Version;
‘လူသိမ်ား ေအာင္ျမင္ဖို႔ ပရိသတ္ကိုမထီမဲ့ျမင္ျပဳမူလာတဲ့ သီခ်င္းဆိုၿပိဳင္ပြဲ’
အိျဖဴ (NP News) - ေဖေဖာ္ဝါရီ ၇
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ပြဲရွာၿပီး နာမည္ႀကီးေစတဲ့ အဆိုၿပိဳင္ပြဲ၊ အကယ္ဒမီပြဲမတက္ျဖစ္ေၾကာင္း သင္ဇာဝင့္ေက်ာ္အသိေပး၊ ႐ုပ္ရွင္ျပန္႐ိုက္ဖို႔ နႏၵာလႈိင္အေတြးေပၚ” စတဲ့ အႏုပညာ ဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
Myanmar Star စီစဥ္သူနဲ႔ ေအာင္ခန႔္ပိုင္တို႔ရဲ႕လုပ္ရပ္
Myanmar Star သီခ်င္းဆိုၿပိဳင္ပြဲ စီစဥ္တင္ဆက္မႈနဲ႔ပတ္သက္ၿပီး ႐ုပ္သံအစီအစဥ္တင္ဆက္သူ၊ အခမ္းအနားမႉး အသိုင္းအဝိုင္းက တစ္ၿပိဳင္နက္ ရႈတ္ခ်ေဝဖန္ခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံမွာ ဂီတ၊ ႐ုပ္ရွင္၊ အႏုပညာဝါသနာပါတဲ့ လူငယ္ ေတြအတြက္ စီစဥ္က်င္းပလ်က္ရွိတဲ့ ၿပိဳင္ပြဲေတြမ်ားစြာရွိတဲ့အနက္ Myanmar Star သီခ်င္းဆိုၿပိဳင္ပြဲ ပဲ့ကိုင္သူ၊ စီစဥ္ထုတ္လႊင့္သူနဲ႔ တင္ဆက္သူတို႔က အရည္အေသြးအနိမ့္ပါးဆုံးျဖစ္တယ္လို႔ အျပင္းအထန္ေဝဖန္ခံခဲ့ရပါတယ္။
ဆိုရွယ္ပလက္ေဖာင္းထက္မွာ “မသိအုံးဟ” ဆိုတဲ့ေျပာဆိုေပါက္တစ္ခုေၾကာင့္လူသိလာတဲ့ ေတးသံရွင္ဆိုသူ ေအာင္ခန႔္ပိုင္ကို Myanmar Star သီခ်င္းဆိုၿပိဳင္ပြဲက စီစဥ္တင္ဆက္သူအျဖစ္ ေဆာင္႐ြက္ေစခဲ့တာပါ။ တင္ဆက္သူ အျဖစ္ေဆာင္႐ြက္တဲ့၎က ၿပိဳင္ပြဲဝင္ေတြရဲ႕ အဂၤလိပ္သီခ်င္းသီဆိုယွဥ္ၿပိဳင္မႈပြဲစဥ္မွာ အဂၤလိပ္ဘာသာစကားေျပာဆိုမႈ အသံထြက္လြဲမွားစြာ တမင္ေျပာဆိုျခင္း၊ အစီအစဥ္ လူသိမ်ားေစ႐ုံရည္႐ြယ္ခ်က္နဲ႔ စာလုံးအဓိပၸာယ္အမွားမ်ားကိုသာ ေျပာဆိုျပဳမူျခင္း၊ ၿပိဳင္ပြဲဝင္ေတြအေပၚ စိတ္အေႏွာင့္အယွက္ျဖစ္ေပၚေစျခင္း၊ အစီအစဥ္ကိုၾကည့္ရႈမယ့္ပရိသတ္ေတြ အေပၚ ေလးစားမႈမရွိျခင္း စတဲ့ အျပဳအမူေပါင္းမ်ားစြာက အစီအစဥ္ တင္ဆက္သူတစ္ဦး မျဖစ္ထိုက္ေၾကာင္း၊ ဒီၿပိဳင္ပြဲဟာ ၿပိဳင္ပြဲဝင္ ဝါသနာရွင္ ဂီတမ်ိဳးဆက္သစ္လူငယ္ေတြအတြက္ ေလွကားထစ္မျဖစ္ႏိုင္ဘဲ Myanmar Star အတြက္ စီးပြားေရးတစ္ခုသာျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုခဲ့ၾကတာပါ။ ဒီေနရာမွာ ေအာင္ခန႔္ပိုင္ရဲ႕ မိခင္ဘာသာစကားမဟုတ္တဲ့ အဂၤလိပ္စာ အသံထြက္လြဲမွားျခင္းကို ကဲ့ရဲ႕ၾကျခင္းလုံးဝမဟုတ္တဲ့အျပင္ ပြဲစီစဥ္သူေတြရဲ႕ အစီအစဥ္တစ္ခု လူသိမ်ား လာေစဖို႔အတြက္ လုပ္ေဆာင္ခဲ့တဲ့ ဇာတ္တိုက္ လုပ္ကြက္ေတြေပၚလြင္ခဲ့ျခင္းေၾကာင့္သာ လူအမ်ားက ျပစ္တင္ေျပာဆို ေနၾကျခင္းျဖစ္ပါတယ္။
“Mic တစ္လုံးေပးၿပီးအသံထြက္ရဲတာနဲ႔ Professional Host, Master of Ceremony တစ္ေယာက္ျဖစ္မလာဘူး။ လိုအပ္ခ်က္ေတြ၊ အတုယူစရာေတြ၊ သင္စရာေတြ၊ ေလ့လာစရာေတြနဲ႔ စိတ္ေတြအမ်ားႀကီးလိုတယ္။ ကြၽန္ေတာ္တို႔ ရပ္တည္ေနတဲ့ professional အလုပ္ကို မေလးစား၊ တန္ဖိုးမထား၊ ေစာ္ကားတာပဲ။ အုတ္ေရာေရာ၊ ေက်ာက္ေရာ ေရာေတာ့ အထင္မခံပါရေစနဲ႔ တန္ဖိုးထားပါ။ မေလးမစားနဲ႔ အသံထြက္ရဲ႐ုံေလာက္ ေကာင္ေတြ စင္ေပၚမတင္ပါနဲ႔”လို႔ အစီအစဥ္တင္ဆက္သူ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေက်ာ္ထက္ေအာင္က ေျပာဆိုခဲ့တာပါ။ အလားတူ အစီအစဥ္တင္ဆက္သူ ေကာင္းထက္ေဇာ္၊ သဇင္ႏြယ္ဝင္း၊ ၿဖိဳးၿဖိဳးခိုင္နဲ႔ တျခား ျမန္မာႏိုင္ငံက နာမည္ႀကီးအစီအစဥ္တင္ဆက္သူေတြကလည္း မိမိတို႔ရဲ႕အလုပ္ကိုတန္ဖိုးထားျခင္းျဖင့္ ဆိုတဲ့စာသားေတြနဲ႔အတူ Myanmar Star သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ သ႐ုပ္ပ်က္မႈ အေပၚ ရႈတ္ခ်ခဲ့ၾကတာပါ။ Myanmar Star ၿပိဳင္ပြဲက တစ္ခ်ိန္ကလည္း အကဲျဖတ္ဒိုင္နဲ႔စီစဥ္သူၾကား အဆင္မေျပမႈမ်ားစြာ ျဖစ္ခဲ့ဖူးတာပါ။ ေတးသံရွင္ေအာင္ခန႔္ပိုင္က အႏုပညာမီဒီယာတစ္ခုနဲ႔အင္တာဗ်ဴးမွာ “Trend ျဖစ္သြားတဲ့ အဂၤလိပ္ သီခ်င္းယွဥ္ၿပိဳင္မႈမွာ ကြၽန္ေတာ္က Marketing တစ္ခုအေနနဲ႔ ႐ိုး႐ိုးေလးေျပာလိုက္ရင္ From This Moment on သီခ်င္းေခါင္းစဥ္ကို ဖ႐ႊန္ဆင့္နိမ္းမန္းေနာ္၊ ေဆာင္းနိမ္းခေအာမိ”လို႔ ျပန္လည္ေျဖရွင္းခဲ့ၿပီး ေအာင္ခန႔္ပိုင္က ၎ရဲ႕ Marketing Skill လို႔ ထပ္မံကာ လြဲမွားစြာေျပာဆိုလ်က္ရွိလို႔ေနပါတယ္။ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွာ ဂီတအစည္းအ႐ုံး တာဝန္ရွိသူေတြရဲ႕ေရွ႕ေမွာက္မွာ Myanmar Star ပြဲစီစဥ္သူနဲ႔ ေအာင္ခန႔္ပိုင္တို႔က ခံဝန္လက္မွတ္ ေရးထိုးခဲ့ၾကပါတယ္။
Myanmar Star ၿပိဳင္ပြဲမွာ Winner အျဖစ္ ေ႐ြးခ်ယ္ခံရသူက ဆုေၾကးေငြ က်ပ္ သိန္း(၁၂၀ဝ)တိတိ ခ်ီးျမႇင့္ခံရမွာျဖစ္ၿပီး၊ လက္ရွိမွာေတာ့ အကဲျဖတ္ဒိုင္အျဖစ္ ေတးေရး ေနာင္ေနာင္ (S.F) နဲ႔ အဆိုေတာ္ ေအာင္ကိုကိုတို႔က ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။
အကယ္ဒမီပြဲမတက္ေရာက္ႏိုင္ေတာ့ေၾကာင္း သင္ဇာဝင့္ေက်ာ္ အသိေပး
႐ုပ္ရွင္သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္က ဒီေန႔ ေဖေဖာ္ဝါရီလ (၇)ရက္ ညေနပိုင္း ေနျပည္ေတာ္မွာက်င္းပမယ့္ (၂၀၂၅)ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီး ျမႇင့္ပြဲအခမ္းအနားကို မတက္ေရာက္ႏိုင္ေတာ့ေၾကာင္းကို ေဖေဖာ္ဝါရီလ (၄)ရက္ကတည္းက Thin Zar Wint Kyaw Facebook Page ကေန အသိေပးေဖာ္ျပထားပါတယ္။ အေၾကာင္းျပခ်က္မွာ “သင္ဇာ အခုအစာအိမ္ေရာင္လို႔ ေဆး႐ုံတက္ေနရပါတယ္။ ေလာေလာဆယ္ က်န္းမာေရးအေျခအေနေၾကာင့္ ပ်က္ကြက္ ခဲ့တဲ့အလုပ္မ်ားလည္း ရွိခဲ့တဲ့အတြက္ အားလုံးနားလည္ေပးေစခ်င္ပါတယ္”လို႔အသိေပးထားျခင္းျဖစ္ပါတယ္။
သင္ဇာဝင့္ေက်ာ္က (၂၀၂၂) ခုႏွစ္ ဩဂုတ္လက အီလက္ထ႐ြန္နစ္ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒပုဒ္မ ၃၃(က)နဲ႔ ျပစ္ဒဏ္(၅)ႏွစ္ ခ်မွတ္ခံခဲ့ရၿပီးေနာက္ (၂) ႏွစ္နဲ႔ (၆)လခန႔္အၾကာမွာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ ေျမာက္ခဲ့တာပါ။ ျပစ္ဒဏ္ခံယူၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ ၿပီးခဲ့တဲ့ (၂၀၂၄) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲ အခမ္းအနားကိုတက္ေရာက္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ သူ႔အေနနဲ႔ အစာအိမ္ေရာဂါေၾကာင့္ ေဆးကုသမႈခံေနရတဲ့အတြက္ အကယ္ဒမီေပးပြဲအခမ္းအနားကို တက္ ေရာက္ႏိုင္ျခင္းမရွိေတာ့ေၾကာင္း ေျပာထားတာပဲျဖစ္ပါတယ္။
သင္ဇာဝင့္ေက်ာ္က (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလပိုင္းက Sexy Dance ကျပေဖ်ာ္ေျဖမႈေၾကာင့္ အမႈဖြင့္တိုင္ၾကား ခံခဲ့ရၿပီး၊ အဲဒီအမႈအတြက္လည္း လက္ရွိမွာ ျပန္လည္ေျဖရွင္းေနရဆဲျဖစ္တယ္လို႔ၾကားသိရပါတယ္။ (၂၀၂၅) ခုႏွစ္ အတြက္ ျမန္မာ့႐ုပ္ရွင္ထူး ခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားနဲ႔ပတ္သက္ရင္လည္း ဝါရင့္အႏုပညာရွင္ႀကီးေတြအပါအဝင္ အကယ္ဒမီစာရင္းဝင္ဇာတ္ကားေတြထဲ ပါဝင္ထားတဲ့အႏုပညာရွင္တခ်ိဳ႕ပင္ အကယ္ဒမီဆုေပးပြဲအခမ္းအနား ဖိတ္စာရ ျခင္း၊ မရျခင္းအတြက္ ေဝဖန္သံေတြထြက္ေပၚခဲ့တာပါ။ တခ်ိဳ႕အႏုပညာရွင္ေတြက စီစဥ္သူေတြရဲ႕ လုပ္ေဆာင္မႈအားနည္း ခ်က္ေတြကိုေထာက္ျပခဲ့ၾကၿပီး၊ ပြဲအခမ္းအနား မတက္ေရာက္ ျခင္းက ဖိတ္စာမရျခင္းေၾကာင့္သာျဖစ္ေၾကာင္း ႀကိဳတင္ ေျပာဆိုမႈေတြလည္းရွိခဲ့တာပါ။
ေဖေဖာ္ဝါရီလ ပထမပတ္မွာကတည္းက အကယ္ဒမီဆုစာရင္းေပါက္ၾကားမႈအျဖစ္ မင္းသားေနတိုး၊ မင္းသမီး ေဖြးေဖြး၊ ရတနာဗိုလ္၊ ဆင္မ၊ မ်ိဳးသႏၲာထြန္းဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့တာပါ။ ဆုစာရင္းေပါက္ၾကားမႈသတင္းက မွန္/မမွန္ကိုေတာ့ (၂၀၂၆) ခုႏွစ္ ေဖေဖာ္ဝါရီလ (၇) ရက္ေန႔(စေနေန႔) ညပိုင္းက်င္းပမယ့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီး ျမႇင့္ပြဲကိုေစာင့္ၾကည့္ရေတာ့မွာပဲျဖစ္ပါတယ္။
ႏွစ္စဥ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားနဲ႔ပတ္သက္ရင္ ပြဲက်င္းပႏိုင္ေရးအတြက္ စတင္ခ်ိန္မွ ဆန္ခါတင္ဆုစာရင္း ရလဒ္မ်ားေၾကညာၿပီးခ်ိန္ေနာက္ပိုင္းထိလည္း ပရိသတ္ဆႏၵနဲ႔ ထပ္တူက်မႈကြဲျပားလ်က္ရွိ ၿမဲျဖစ္ တာမို႔ ေဝဖန္သံေတြကထြက္ေပၚၿမဲျဖစ္ပါတယ္။
နႏၵာလႈိင္ ႐ုပ္ရွင္ျပန္႐ိုက္ေတာ့မလား
လြန္ခဲ့တဲ့ရက္ပိုင္းက ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းမင္းသမီးႀကီးတစ္ဦးျဖစ္တဲ့ ထပ္ဆင့္အကယ္ဒမီ မင္းသမီး နႏၵာလႈိင္ က “႐ုပ္ရွင္တစ္ကားေလာက္႐ိုက္ရင္ေကာင္းမလား၊ သမီးေတြအတြက္ အမွတ္တရ”ဆိုတဲ့ Post တစ္ခုကို Facebook Page မွာတင္ခဲ့ၿပီးေနာက္ အားေပးတိုက္တြန္းသူ မ်ားျပားလ်က္ရွိပါတယ္။
အဆိုပါပိုစ့္တက္လာၿပီးနာရီပိုင္းအတြင္း သူရဲ႕ ပင္တိုင္ ဆံပင္၊ မိတ္ကပ္ ပညာရွင္ ညီညီေမာင္ စမ္းေခ်ာင္းက လည္း နႏၵာလႈိင္ထံ ဆက္သြယ္လာတဲ့ထုတ္လုပ္သူေတြ မ်ားျပားလ်က္ရွိေၾကာင္း အႏုပညာမီဒီယာေတြနဲ႔ေတြ႕ဆုံစဥ္ အသိေပးေျပာျပမႈရွိခဲ့ပါတယ္။
နႏၵာလႈိင္အေနနဲ႔ ဦးေဇသီဟနဲ႔အိမ္ေထာင္ျပဳၿပီး သမီးအႀကီးကို ကိုယ္ဝန္ရွိစဥ္ကတည္းက ႐ုပ္ရွင္နဲ႔ဗီဒီယို ဇာတ္ကား႐ိုက္ကူးမႈနဲ႔ အႏုပညာနဲ႔သက္ဆိုင္သမွ်အလုပ္ အားလုံးကိုရပ္နားခဲ့တာ ၎ရဲ႕သမီးသုံးေယာက္ တစ္သက္ ပင္ျဖစ္လို႔ေနၿပီျဖစ္ပါတယ္။ ဒါ့ျပင္ သမီးသုံးေယာက္ကို အႏုပညာအသိုင္းအဝိုင္းထဲ ထိေတြ႕ပတ္သက္ေစတာမ်ိဳး မျပဳလုပ္ခဲ့သလို၊ ၎ကိုယ္တိုင္ကလည္း အႏုပညာေလာကနဲ႔အဆက္အသြယ္ျဖတ္ေတာက္ကာ မိသားစုအတြက္သာ အခ်ိန္အျပည့္အဝေပးရင္း သာမန္အိမ္ေထာင္ရွင္မအျဖစ္ သမီးေတြရဲ႕ပညာေရးကိုသာ ဦးစားေပးသူျဖစ္ပါတယ္။
ထူးဆန္းလွစြာပဲ နႏၵာလႈိင္ကိုယ္တိုင္က “သမီးေတြအတြက္အမွတ္တရ ႐ုပ္ရွင္ျပန္႐ိုက္ရင္ေကာင္းမလား” ဆိုတဲ့ အေတြး/အေျပာနဲ႔တင္ သူရဲ႕ပရိသတ္ေတြက အလြမ္းေျပေပ်ာ္႐ႊင္ေနၾကတာကိုသတိျပဳမိပါတယ္။ နႏၵာလႈိင္က သူရဲ႕ အေတြးအတိုင္း လက္ေတြ႕အေကာင္အထည္ေဖာ္လာမလားဆိုတာနဲ႔ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသမီးစာရင္း ဝင္ခဲ့တဲ့ ထပ္ဆင့္အကယ္ဒမီ မင္းသမီးနႏၵာလႈိင္ကို ဘယ္ထုတ္လုပ္ေရးက လက္ဦးမႈရယူသြားႏိုင္မလဲဆိုတာကို စိတ္ဝင္တစားနဲ႔ နားစြင့္ရဦးမွာပဲျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔နားခြင့္ျပဳပါ။