နဝရတ် တာဝန်ယူဖြေရှင်းရမယ့် တိ-သေဆုံးမှု

 4837

The Statesman Journal ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “နဝရတ်ဆိုင်မှ အိမ်မွေး တိရစ္ဆာန်သေဆုံးမှုဖြစ်စဉ်၊ နောက်တိုးစာရင်းဖြစ်ခဲ့ရတဲ့ အကယ်ဒမီခင်စိုးပိုင် နဲ့ မပြီးနိုင်သေးတဲ့ အကယ်ဒမီဂယက်” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ရေးသားဖော်ပြပေးပါမယ်။

နောက်တိုး စာရင်းဝင်ခဲ့ရမှုအပေါ် အကယ်ဒမီခင်စိုးပိုင်ရဲ့ရင်ဖွင့်သံ
(၂၀၂၅) ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပမှုက ပြီးစီးသွားပေမယ့် စီမံခန့်ခွဲမှုလိုအပ်ချက်တွေနဲ့ ဆုစာရင်းရလဒ်အပေါ် ဝေဖန်သံတွေက ဒီနေ့ထိတိုင် ညံနေဆဲပင်ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့စကားသံများစွာအနက် ဝါရင့်အနုပညာရှင်ကြီးတစ်ဦးလည်းဖြစ်သလို ရုပ်ရှင်သရုပ်‌ဆောင် အကယ်ဒမီခင်စိုးပိုင်ကလည်း သူကြုံတွေ့ခဲ့ရတဲ့၊ အားငယ်ဝမ်းနည်းခဲ့ရတဲ့ဖြစ်ရပ်တွေကို ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုးနဲ့စကားပြောခန်းမှာ ထုတ်ဖော်ပြောပြလာခဲ့ပါ တယ်။ ခင်စိုးပိုင်က မြန်မာ့ရုပ်ရှင် လောကမှာ အနုပညာသမ္ဘာဝါပြည့်ဝသူဖြစ်ပေမယ့် လက်ရှိမှာတော့ သက်ကြီးပိုင်း ကိုရောက်ရှိနေပြီဖြစ်တာမို့ ရုပ်ရှင်လောကသားတချို့ရဲ့ လျစ်လျူရှုဆက်ဆံခံခဲ့ရကြောင်းနဲ့ အဓိကအနေနဲ့ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးတာဝန်ရှိသူတချို့ရဲ့စီမံခန့်ခွဲမှုလိုအပ်ချက်တွေများစွာရှိနေကြောင်းကိုလည်း တရားဝင် အသိပေး ထောက်ပြခဲ့ပါတယ်။
ခင်စိုးပိုင်က “ရထားနဲ့အကယ်ဒမီပွဲကိုသွားရမယ်ဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်လောက်အချိန်ကို သတိရပြီး ပျော်စရာကြီး၊ ကိုယ့်လုပ်ဖော်ကိုင်ဖက် တွေနဲ့သွားရမယ်ဆိုတဲ့အတွေးနဲ့ သားဖြစ်သူကိုလိုက်ပို့ခိုင်းခဲ့ပေမယ့် ရထားနံပါတ်အတွဲ(၁)မှာ ရထားထွက်ခါနီးမှ အစည်းအရုံးကလူတစ်ဦးက ခင်စိုးပိုင်က ဒီအတွဲမဟုတ်ဘူး၊ အတွဲ(၂)မှာတဲ့။ အစ်မလေ အတိတ်တုန်းက ပျော်ခဲ့တဲ့အမှတ်တရလေးတွေကိုပြန်စဉ်းစားပြီး ပျော်ချင်ခဲ့ပေမယ့် အစ်မက စာရင်းထဲ မရှိဘူးတဲ့။ ဘယ်အတွဲမှာ ထိုင်ရမှန်းလဲမသိဘူး။ အတွေးတွေက ဒေါသစိတ်တွေဖြစ်ကုန်တယ်။ ရဲမွန်က အစ်မထိုင်ပါ။ ကျွန်တော် စီစဉ်လိုက်ပါမယ်ဆိုလို့ နေပြည်တော်ကိုရောက်ခဲ့ပါတယ်။ ဒီလိုပဲ နေပြည်တော်ကိုရောက်ခဲ့ပြန်တော့လည်း အကုန်လုံးက ဧည့်ရိပ်သာမှာ အခန်းကိုယ်စီရသွားကြပေမယ့် အစ်မအတွက် အခန်းမရပြန်ဘူး။ အပြင်မှာ နာရီ အတော် ကြာစောင့်ခဲ့ပြီးနောက်မှ အခန်းရခဲ့တယ်။ မိတ်ကပ်လိမ်းဖို့အတွက် တံဆိပ်ယူတဲ့နေရာမှာလည်း အစ်မနာမည်က မပါပြန်ဘူး။ အဲဒါနဲ့ ကျွန်မနာမည်က ဘယ်ရောက်နေလို့လဲဆိုပြီးမေးတော့မှ အစ်မတစ်ယောက်တည်း နောက်တိုး စာရင်းထဲမှာ လက်မှတ်ထိုးခဲ့ရတယ်။ ပွဲကျင်းပတဲ့နေရာအထိ သွားဖို့ လမ်းခရီးမှာလည်း အခက်အခဲတွေက မျိုးစုံဖြစ်ခဲ့ ရပါတယ်။ ခန်းမထဲ ရောက်ပြန်တော့လည်း နေရာချထားတာ သက်တူရွယ်တူအနုပညာ ရှင်တွေနဲ့အတူတူမဟုတ်ခဲ့ဘဲ နံရံကပ်ချောင်ဘက်မှာ အစ်မခုံနံပါတ်က အစွန်ဆုံးဖြစ်နေပြီး အစ်မဘေးနားမှာ လူငယ်တစ်စုနဲ့ နေရာချထားခဲ့တယ်။ ဒါပေမဲ့ အစ်မလေ အော်...ကိုယ့်အနုပညာမောင်နှမတွေနဲ့တွေ့ဖို့၊ အားပေးဖို့လာခဲ့တာပဲဆိုပြီးသည်းခံခဲ့ပါ တယ်” လို့ရင်ဖွင့်ခဲ့တာပါ။ ခင်စိုးပိုင်အတွက် ဝမ်းနည်းမှုဖြစ်ခဲ့ရဆုံးဖြစ်စဉ်မှာ “အနုပညာရှင်တိုင်းရဲ့အောင်မြင်မှုမှတ်တိုင်အဖြစ် သတ်မှတ်ကြတဲ့ အကယ်ဒမီထူးချွန်ဆုကိုပါ ရယူထားနိုင် သူဖြစ်ပါလျက် နောက်တိုးစာရင်းအဖြစ်ပါဝင်ခဲ့ရသလို ချောင် ထိုးခံခဲ့ရတဲ့အပေါ် စိတ်မကောင်းဆုံးဖြစ်ခဲ့ရကြောင်း၊ ဒီလိုဖြစ်ရပ်က (၂၀၁၇) ခုနှစ်မှာလည်း တစ်ကြိမ်ကြုံတွေ့ခဲ့ ရဖူး ကြောင်း၊ ပွဲပြီးလို့ ရန်ကုန်ပြန်တဲ့ရထားတွဲအထိ အကယ်ဒမီခင်စိုးပိုင်အတွက် နေရာမရှိခဲ့ကြောင်းနဲ့ နေပြည်တော်မှ ရန်ကုန်မြို့ကိုပြန်ချိန် ရထားပေါ်ရှိဝန်ထမ်းတစ်ဦးရဲ့မေးမြန်းမှုကြောင့် အစည်းအရုံးက နေရာချပေးတဲ့လူငယ်တွေထိုင်တဲ့ ရထားအထူးတန်းမှာတောင် အကယ်ဒမီခင်စိုးပိုင်စာရင်းမဝင်ခဲ့တာကိုသိရှိခဲ့ရမှုက အလွန်ကို ရှက်စိတ်၊ အားငယ်စိတ်ဖြစ် ပေါ်စေခဲ့ကြောင်း” ရင်ဖွင့်ပြောပြခဲ့ပါတယ်။
ခင်စိုးပိုင်က သူရဲ့ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ‘ပန်းသီတဲ့ကြိုး’ ဇာတ်ကားနဲ့ (၁၉၈၅) ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အကယ်ဒမီဆုရရှိချိန်မှာ အသက်(၂၀) အရွယ်သာရှိသေးပြီး အဲဒီဇာတ်ကားမှာ ဗီလိန်ဇာတ်ရုပ်နေရာကို ထူးချွန်စွာသရုပ်ဆောင်ခဲ့ခြင်းကြောင့် အကယ်ဒမီဆုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အကယ်ဒမီ ခင်စိုးပိုင်က (၁၉၈၀) ပြည့်လွန်နှစ်တွေကစတင်ပြီး အနုပညာလောကထဲ စတင်ဝင် ရောက်ခဲ့သူဖြစ်ကာ ၎င်းရဲ့အနုပညာသက်တမ်းက နှစ်ပေါင်း (၄၁)နှစ်ကျော်ရှိပြီဖြစ်ပါသည်။

Pet Hotel ဖြစ်ပြီး Standard မညီရင် ပိတ်သင့်ကြောင်း နဝရတ်ရဲ့ဆိုင်ကိုပြောလာတဲ့ မင်းသမီးစံရတီမိုးမြင့်
မင်းသမီးနဝရတ်ရဲ့ဆိုင်ဖြစ်ပေမယ့်လည်း တိရစ္ဆာန်ချစ်သူ မင်းသမီးစံရတီမိုးမြင့်က “ပေါ့ပါးလိုက်တာ တောင်း ပန်သွားတာ၊ ကိုယ့်မိသားစုဝင်လိုမျိုးထားထားတဲ့ ကလေးကိုဆုံးရှုံးလိုက်ရတာလေ၊ Pet Hotel ဆိုပြီး (၂၄)နာရီ စောင့်ကြည့်တာမရှိဘူးလား၊ မှန်အလုံပိတ်ခန်းထဲ အဲကွန်းမရဘဲ ကလေးဘယ်လောက် အသက်ရှူကျပ်ပြီး သေသွားမလဲ၊ Hotel Standard မညီဘဲဖွင့်တဲ့ဟာတွေ အကုန်ပိတ်ပစ်လိုက်တာပဲကောင်းတယ်။ ဖွင့်စားမနေနဲ့”လို့ပြောဆိုခဲ့တာပါ။
ဖြစ်စဉ်မှာ မင်းသမီးနဝရတ်က ၎င်းရဲ့ဆိုင်အဖြစ် တရားဝင်ကြော်ငြာခဲ့တဲ့ မန္တလေးမြို့ရှိ Mandalay Pet Shop (ခေါ်) Pet Hotel မှာ ဖေဖော်ဝါရီလ (၁၃) ရက် ကလာရောက်အပ်နှံခဲ့တဲ့ Husky အမျိုးအစားခွေးကလေးဟာ ဖေဖော်ဝါရီလ (၁၅)ရက်ညမှာသေဆုံးခဲ့ရတာပါ။ “မနဝရတ်အား Mandalay Pet Shop Management Team မှ အနူးအညွတ်တောင်းပန်ခြင်း။ ယခုဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် မနဝရတ်၏ ဂုဏ်သိက္ခာအား ညှိုးနွမ်း စေမှုအတွက် ကျွန်တော်တို့ management team ဘက်မှ များစွာစိတ်မကောင်းဖြစ်ရပါသည်။ အစ်မကိုယ်တိုင်ကလည်း တိရစ္ဆာန် လေးများကို ချစ်မြတ်နိုးသည့်စိတ်တစ်ခုတည်းဖြင့် ဆိုင်ခွဲပေါင်းများစွာဖွင့်လှစ်နိုင်ရန် Mandalay Pet Shop သို့ အရင်းအနှီးများစွာထုတ်ပေးခဲ့ပြီး ကျွန်တော်တို့ Management Team တွင် ဝင်ရောက် လုပ်ကိုင်ခြင်း မရှိခဲ့ပါ” ဆိုတဲ့ တောင်းပန်ကြောင်းဝန်ထမ်းဘက်ကပိုစ့်တင်စေကာ ရှောင်ထွက်ခဲ့မှုကိုလည်း သေဆုံးခဲ့တဲ့ Husky အမျိုးအစား တိလေး ပိုင်ရှင်မိသားစုဘက်က ၎င်းတို့အတွက် နှစ်သိမ့်မှုမရရှိစေခဲ့တဲ့အပြင် ကျေနပ်မှုမရှိ ကြောင်း၊ အခုလိုဖြစ်စဉ်မှာ မင်းသမီး နဝရတ်အနေနဲ့ တရားဝင်တောင်းပန်သင့်ကြောင်း၊ ဝန်ထမ်းတွေက အဆိုပါ တစ်ဖန်ပြန်တောင်းပန်စေခြင်းကလုံးဝ မဖြစ်သင့်ကြောင်း ဆိုရှယ်လူမှုကွန်ရက်ပလက်ဖောင်းကတစ် ဆင့်ပြစ်တင်ပြောဆိုခဲ့ကြတာပါ။ ဖေဖော်ဝါရီလ (၁၃)ရက်နဲ့ (၁၄)ရက်တို့မှာ အဆိုပါတိလေးရဲ့လှုပ်ရှားမှုတွေကို ပိုင်ရှင်ထံ ဗီဒီယိုဖိုင်ပေးပို့ခဲ့ပြီး၊ (၁၅)ရက်ညမှာတော့ Pet Hotel အခန်းအတွင်း တပ်ဆင်ထားတဲ့ Aircon ရဲ့ Gas ပိုက်လိုင်းကနေ ရုတ်တရက် Gas ယိုစိမ့်မှုဖြစ်ပွားပြီး Aircon စက်ရပ်တန့်သွားခဲ့ကြောင်း၊ ဒီဖြစ်စဉ်ကို ၎င်းတို့အနေနဲ့လည်း ညတွင်းချင်းမသိရှိခဲ့ဘဲ မနက်ပိုင်းရောက်မှသိရှိခဲ့ရတဲ့ အတွက် Aircon Gas ယိုစိမ့်မှုနဲ့ အအေးဓာတ်မရှိတော့တဲ့ဒဏ်ကြောင့် Husky အမျိုးအစား တိလေးဆုံးပါးသွားခဲ့ရပါတယ် Husky အမျိုးအစား တိလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ အပူဒဏ်ကိုမခံနိုင်ဘဲ အခုလိုမျိုး ရုတ်တရက် သေဆုံးမှုဖြစ် ပေါ်စေခဲ့တဲ့အပေါ် ဝမ်းနည်းကြေကွဲရကြောင်း အနူးအညွတ်တောင်းပန်ကြောင်း ဆိုင်ဘက်ကဖော်ပြခဲ့ပါတယ်။ ဆိုင်ဘက်က ပုံစံမျိုးစုံနဲ့တောင်းပန်စကားဆိုနေပါစေ ဖေဖော်ဝါရီလ (၁၈) ရက်အထိ မင်းသမီး နဝရတ်ကိုယ်တိုင် တာဝန်ယူပြီး မဖြေရှင်းဘဲ ဆိုင်ဝန်ထမ်းတွေရဲ့တောင်းပန်စကားကြောင့် ပိုင်ရှင်ဘက်က အမျက်ဒေါသကြီး နေပုံ ရပါတယ်။
ဆိုင်ဘက်ကလည်း ၎င်းတို့ဆိုင်ရဲ့ စက်ပစ္စည်းချွတ်ယွင်းမှုကို ကြိုတင်မခန့်မှန်းနိုင်ခဲ့တဲ့ပေါ့ဆမှုကြောင့် အခုလို အစားထိုးမရတဲ့ဆုံးရှုံးမှုမျိုးဖြစ်သွားခဲ့ရတဲ့အတွက် ကလေးလေးရဲ့မိဘတွေကို တိုက်ရိုက် ဆက်သွယ်ပြီး တောင်းပန် စကားပြောကြားခဲ့ကာ လက်ရှိမှာတော့ ကျန်ရှိတဲ့တိလေးတွေအတွက် ဝန်ဆောင်မှုအပြည့်ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိ ကြောင်း ဖြေရှင်းထားပေမယ့် တိချစ်သူ မိသားစုဝင်တွေကတော့ ယုံကြည်မှု ပျက်ယွင်းသွားပြီဖြစ်ကြောင်း ဆိုးရွားလှတဲ့ မှတ်ချက်များစွာကို ရေးသားခဲ့ကြပါတယ်။

အထူးဆုနဲ့လွဲချော်ခဲ့ရတဲ့ နတ်ဝင်သည်အဖွဲ့သားများ

အကယ်ဒမီပွဲဂယက်တွေဟာ ပွဲပြီး (၂)ပတ်မြောက်တဲ့အချိန်ထိ ဆက်လက်ထွက်ပေါ်လျက်ရှိပါတယ်။ ဇာတ် ဆောင်၊ ဇာတ်ပို့ဆု ပေးအပ်ချီးမြှင့်ခြင်းအပြင် အခုတစ်ခေါက်မှာတော့ ပွဲမကျင်းပခင် အစည်းအရုံးထိခေါ်ယူကာ မျှော်လင့်ချက်များရရှိခဲ့ပြီး ပွဲတက်စေကာမှ ဆုစာရင်းထဲမပါဝင်ခဲ့ကြောင်း ထုတ်ဖော်ပြောလာသူတစ်ဦးလည်း ရှိလို့လာ ပြန်ပါတယ်။ ရုပ်ရှင်အထူးပြုလုပ်ချက်ပညာရှင် မင်းသန့်ညိုရဲ့ “ကျွန်တော်တို့ ဆုမရတာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အကယ်ဒမီပွဲကိုခေါ်ပြီး အရှက်ခွဲခံလိုက်ရသလိုတော့ ခံစားမိပါတယ်။ အကယ်ဒမီပွဲကို ညီလေးတို့တက်ပါလို့တော့ မပြောခဲ့ဘူး။ အထူးဆုပေးဖို့အစီအစဉ်ရှိတယ်။ ပေးမယ်ဆို CGI ကို ဦးစားပေး ပေးမယ်”လို့ Myanmar Celebrity အနုပညာမီဒီယာနဲ့အင်တာဗျူးဖြေဆိုထားမှုကို ကြည့်ရှုလိုက်ရပါတယ်။
“နတ်ဝင်သည်ဇာတ်ကား ရုံတင်ပြီးနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အကယ်ဒမီဘုတ်အဖွဲ့ဥက္ကဋ္ဌက ကျွန်တော်တို့တစ်ဖွဲ့လုံးကို ရုပ်ရှင်အစည်းအရုံးကို ခေါ်တွေ့ခဲ့ပါတယ်။ အထူးဆုကိစ္စကို ဆွေးနွေးတာပါ။ အကယ်၍ အထူးဆုပေးခဲ့လို့ရှိရင် အထူးဆုပေးမယ်ဆိုရင် Computer-generated imagery (CGI) (Virtual effect) ကိုပေးချင် တယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ VFX နဲ့ပတ်သက်ပြီး ဘယ်နှရာခိုင်နှုန်းပါသလဲလို့မေးတဲ့အခါ၊ ကျွန်တော်တို့ ဘက်က ရှိပါတယ်။ နတ်ဝင်သည် ဇာတ်ကားပါ။ VFX နဲ့ ပတ်သက်ပြီး ရာခိုင်နှုန်းဘယ်လောက်ပါလဲဆိုတော့ အနည်းဆုံး (၅၀) ရာခိုင်နှုန်းပါပါတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ရုပ်ရှင်အကယ်ဒမီဘုတ်အဖွဲ့ရဲ့ စည်းမျဉ်းသတ်မှတ်ချက်ရှိတယ်။ CGI (Virtual effect) က ရုပ်ရှင်ဇာတ်ကားကိုအကျိုးပြုရမယ်။ ပရိသတ်လက်ခံတဲ့အရည်အသွေးတစ်ခုရှိရမယ် စတဲ့အချက် တွေနဲ့ ပြည့်စုံပါက အကယ်ဒမီအထူးဆုပေးလို့ရကြောင်း ပြောဆိုမှုတွေရှိခဲ့တယ်”လို့ ၎င်းကပြောပါတယ်။
အကယ်ဒမီဆုများအတွက် အကဲဖြတ်ကြည့်ရှုစိစစ်ရွေးချယ်ချိန်မှာကတည်းက တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ နှုတ်စည်း မစောင့်ထိန်းမှုကြောင့် နတ်၊ ပရလောက၊ ဝိညာဉ်ဇာတ်ကားတွေက ဆုစာရင်းကနေ လျစ်လျူရှု ခံခဲ့ရခြင်းပင်ဖြစ်ပါတယ်။ (၂၀၂၄)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အထူးဆုကို နှောင်ရုပ်ရှင်ဇာတ်ကားနဲ့ လုံလုံ(လင်္ကာဒီပ) ကရရှိခဲ့ ခြင်းဖြစ်ပြီး၊ (၂၀၂၅) ခုနှစ်အတွက် အထူးဆုကို ချီးမြှင့်ခဲ့ခြင်းမရှိတာပါ။ (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်က ကျင်းပခဲ့တဲ့ (၂၀၂၅)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ထူးချွန်ဆု စုစုပေါင်း (၁၈)ဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version;

နဝရတ္ တာဝန္ယူေျဖရွင္းရမယ့္ တိ-ေသဆုံးမႈ

The Statesman Journal ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “နဝရတ္ဆိုင္မွ အိမ္ေမြး တိရစာၦန္ေသဆုံးမႈျဖစ္စဥ္၊ ေနာက္တိုးစာရင္းျဖစ္ခဲ့ရတဲ့ အကယ္ဒမီခင္စိုးပိုင္ နဲ႔ မၿပီးႏိုင္ေသးတဲ့ အကယ္ဒမီဂယက္” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေရးသားေဖာ္ျပေပးပါမယ္။

ေနာက္တိုး စာရင္းဝင္ခဲ့ရမႈအေပၚ အကယ္ဒမီခင္စိုးပိုင္ရဲ႕ရင္ဖြင့္သံ
(၂၀၂၅) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲက်င္းပမႈက ၿပီးစီးသြားေပမယ့္ စီမံခန႔္ခြဲမႈလိုအပ္ခ်က္ေတြနဲ႔ ဆုစာရင္းရလဒ္အေပၚ ေဝဖန္သံေတြက ဒီေန႔ထိတိုင္ ညံေနဆဲပင္ျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့စကားသံမ်ားစြာအနက္ ဝါရင့္အႏုပညာရွင္ႀကီးတစ္ဦးလည္းျဖစ္သလို ႐ုပ္ရွင္သ႐ုပ္‌ေဆာင္ အကယ္ဒမီခင္စိုးပိုင္ကလည္း သူႀကဳံေတြ႕ခဲ့ရတဲ့၊ အားငယ္ဝမ္းနည္းခဲ့ရတဲ့ျဖစ္ရပ္ေတြကို ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းအုပ္စိုးနဲ႔စကားေျပာခန္းမွာ ထုတ္ေဖာ္ေျပာျပလာခဲ့ပါ တယ္။ ခင္စိုးပိုင္က ျမန္မာ့႐ုပ္ရွင္ ေလာကမွာ အႏုပညာသမာၻဝါျပည့္ဝသူျဖစ္ေပမယ့္ လက္ရွိမွာေတာ့ သက္ႀကီးပိုင္း ကိုေရာက္ရွိေနၿပီျဖစ္တာမို႔ ႐ုပ္ရွင္ေလာကသားတခ်ိဳ႕ရဲ႕ လ်စ္လ်ဴရႈဆက္ဆံခံခဲ့ရေၾကာင္းနဲ႔ အဓိကအေနနဲ႔ ျမန္မာ ႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးတာဝန္ရွိသူတခ်ိဳ႕ရဲ႕စီမံခန႔္ခြဲမႈလိုအပ္ခ်က္ေတြမ်ားစြာရွိေနေၾကာင္းကိုလည္း တရားဝင္ အသိေပး ေထာက္ျပခဲ့ပါတယ္။
ခင္စိုးပိုင္က “ရထားနဲ႔အကယ္ဒမီပြဲကိုသြားရမယ္ဆိုေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၂၀) ေက်ာ္ေလာက္အခ်ိန္ကို သတိရၿပီး ေပ်ာ္စရာႀကီး၊ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ ေတြနဲ႔သြားရမယ္ဆိုတဲ့အေတြးနဲ႔ သားျဖစ္သူကိုလိုက္ပို႔ခိုင္းခဲ့ေပမယ့္ ရထားနံပါတ္အတြဲ(၁)မွာ ရထားထြက္ခါနီးမွ အစည္းအ႐ုံးကလူတစ္ဦးက ခင္စိုးပိုင္က ဒီအတြဲမဟုတ္ဘူး၊ အတြဲ(၂)မွာတဲ့။ အစ္မေလ အတိတ္တုန္းက ေပ်ာ္ခဲ့တဲ့အမွတ္တရေလးေတြကိုျပန္စဥ္းစားၿပီး ေပ်ာ္ခ်င္ခဲ့ေပမယ့္ အစ္မက စာရင္းထဲ မရွိဘူးတဲ့။ ဘယ္အတြဲမွာ ထိုင္ရမွန္းလဲမသိဘူး။ အေတြးေတြက ေဒါသစိတ္ေတြျဖစ္ကုန္တယ္။ ရဲမြန္က အစ္မထိုင္ပါ။ ကြၽန္ေတာ္ စီစဥ္လိုက္ပါမယ္ဆိုလို႔ ေနျပည္ေတာ္ကိုေရာက္ခဲ့ပါတယ္။ ဒီလိုပဲ ေနျပည္ေတာ္ကိုေရာက္ခဲ့ျပန္ေတာ့လည္း အကုန္လုံးက ဧည့္ရိပ္သာမွာ အခန္းကိုယ္စီရသြားၾကေပမယ့္ အစ္မအတြက္ အခန္းမရျပန္ဘူး။ အျပင္မွာ နာရီ အေတာ္ ၾကာေစာင့္ခဲ့ၿပီးေနာက္မွ အခန္းရခဲ့တယ္။ မိတ္ကပ္လိမ္းဖို႔အတြက္ တံဆိပ္ယူတဲ့ေနရာမွာလည္း အစ္မနာမည္က မပါျပန္ဘူး။ အဲဒါနဲ႔ ကြၽန္မနာမည္က ဘယ္ေရာက္ေနလို႔လဲဆိုၿပီးေမးေတာ့မွ အစ္မတစ္ေယာက္တည္း ေနာက္တိုး စာရင္းထဲမွာ လက္မွတ္ထိုးခဲ့ရတယ္။ ပြဲက်င္းပတဲ့ေနရာအထိ သြားဖို႔ လမ္းခရီးမွာလည္း အခက္အခဲေတြက မ်ိဳးစုံျဖစ္ခဲ့ ရပါတယ္။ ခန္းမထဲ ေရာက္ျပန္ေတာ့လည္း ေနရာခ်ထားတာ သက္တူ႐ြယ္တူအႏုပညာ ရွင္ေတြနဲ႔အတူတူမဟုတ္ခဲ့ဘဲ နံရံကပ္ေခ်ာင္ဘက္မွာ အစ္မခုံနံပါတ္က အစြန္ဆုံးျဖစ္ေနၿပီး အစ္မေဘးနားမွာ လူငယ္တစ္စုနဲ႔ ေနရာခ်ထားခဲ့တယ္။ ဒါေပမဲ့ အစ္မေလ ေအာ္...ကိုယ့္အႏုပညာေမာင္ႏွမေတြနဲ႔ေတြ႕ဖို႔၊ အားေပးဖို႔လာခဲ့တာပဲဆိုၿပီးသည္းခံခဲ့ပါ တယ္” လို႔ရင္ဖြင့္ခဲ့တာပါ။ ခင္စိုးပိုင္အတြက္ ဝမ္းနည္းမႈျဖစ္ခဲ့ရဆုံးျဖစ္စဥ္မွာ “အႏုပညာရွင္တိုင္းရဲ႕ေအာင္ျမင္မႈမွတ္တိုင္အျဖစ္ သတ္မွတ္ၾကတဲ့ အကယ္ဒမီထူးခြၽန္ဆုကိုပါ ရယူထားႏိုင္ သူျဖစ္ပါလ်က္ ေနာက္တိုးစာရင္းအျဖစ္ပါဝင္ခဲ့ရသလို ေခ်ာင္ ထိုးခံခဲ့ရတဲ့အေပၚ စိတ္မေကာင္းဆုံးျဖစ္ခဲ့ရေၾကာင္း၊ ဒီလိုျဖစ္ရပ္က (၂၀၁၇) ခုႏွစ္မွာလည္း တစ္ႀကိမ္ႀကဳံေတြ႕ခဲ့ ရဖူး ေၾကာင္း၊ ပြဲၿပီးလို႔ ရန္ကုန္ျပန္တဲ့ရထားတြဲအထိ အကယ္ဒမီခင္စိုးပိုင္အတြက္ ေနရာမရွိခဲ့ေၾကာင္းနဲ႔ ေနျပည္ေတာ္မွ ရန္ကုန္ၿမိဳ႕ကိုျပန္ခ်ိန္ ရထားေပၚရွိဝန္ထမ္းတစ္ဦးရဲ႕ေမးျမန္းမႈေၾကာင့္ အစည္းအ႐ုံးက ေနရာခ်ေပးတဲ့လူငယ္ေတြထိုင္တဲ့ ရထားအထူးတန္းမွာေတာင္ အကယ္ဒမီခင္စိုးပိုင္စာရင္းမဝင္ခဲ့တာကိုသိရွိခဲ့ရမႈက အလြန္ကို ရွက္စိတ္၊ အားငယ္စိတ္ျဖစ္ ေပၚေစခဲ့ေၾကာင္း” ရင္ဖြင့္ေျပာျပခဲ့ပါတယ္။
ခင္စိုးပိုင္က သူရဲ႕ပြဲဦးထြက္႐ုပ္ရွင္ဇာတ္ကားျဖစ္တဲ့ ‘ပန္းသီတဲ့ႀကိဳး’ ဇာတ္ကားနဲ႔ (၁၉၈၅) ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ပို႔ဆုကို ရရွိခဲ့ျခင္းျဖစ္ပါတယ္။ အကယ္ဒမီဆုရရွိခ်ိန္မွာ အသက္(၂၀) အ႐ြယ္သာရွိေသးၿပီး အဲဒီဇာတ္ကားမွာ ဗီလိန္ဇာတ္႐ုပ္ေနရာကို ထူးခြၽန္စြာသ႐ုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ အကယ္ဒမီဆုကို ထိုက္တန္စြာ ရရွိခဲ့ျခင္းျဖစ္ပါတယ္။ အကယ္ဒမီ ခင္စိုးပိုင္က (၁၉၈၀) ျပည့္လြန္ႏွစ္ေတြကစတင္ၿပီး အႏုပညာေလာကထဲ စတင္ဝင္ ေရာက္ခဲ့သူျဖစ္ကာ ၎ရဲ႕အႏုပညာသက္တမ္းက ႏွစ္ေပါင္း (၄၁)ႏွစ္ေက်ာ္ရွိၿပီျဖစ္ပါသည္။

Pet Hotel ျဖစ္ၿပီး Standard မညီရင္ ပိတ္သင့္ေၾကာင္း နဝရတ္ရဲ႕ဆိုင္ကိုေျပာလာတဲ့ မင္းသမီးစံရတီမိုးျမင့္
မင္းသမီးနဝရတ္ရဲ႕ဆိုင္ျဖစ္ေပမယ့္လည္း တိရစာၦန္ခ်စ္သူ မင္းသမီးစံရတီမိုးျမင့္က “ေပါ့ပါးလိုက္တာ ေတာင္း ပန္သြားတာ၊ ကိုယ့္မိသားစုဝင္လိုမ်ိဳးထားထားတဲ့ ကေလးကိုဆုံးရႈံးလိုက္ရတာေလ၊ Pet Hotel ဆိုၿပီး (၂၄)နာရီ ေစာင့္ၾကည့္တာမရွိဘူးလား၊ မွန္အလုံပိတ္ခန္းထဲ အဲကြန္းမရဘဲ ကေလးဘယ္ေလာက္ အသက္ရႉက်ပ္ၿပီး ေသသြားမလဲ၊ Hotel Standard မညီဘဲဖြင့္တဲ့ဟာေတြ အကုန္ပိတ္ပစ္လိုက္တာပဲေကာင္းတယ္။ ဖြင့္စားမေနနဲ႔”လို႔ေျပာဆိုခဲ့တာပါ။
ျဖစ္စဥ္မွာ မင္းသမီးနဝရတ္က ၎ရဲ႕ဆိုင္အျဖစ္ တရားဝင္ေၾကာ္ျငာခဲ့တဲ့ မႏၲေလးၿမိဳ႕ရွိ Mandalay Pet Shop (ေခၚ) Pet Hotel မွာ ေဖေဖာ္ဝါရီလ (၁၃) ရက္ ကလာေရာက္အပ္ႏွံခဲ့တဲ့ Husky အမ်ိဳးအစားေခြးကေလးဟာ ေဖေဖာ္ဝါရီလ (၁၅)ရက္ညမွာေသဆုံးခဲ့ရတာပါ။ “မနဝရတ္အား Mandalay Pet Shop Management Team မွ အႏူးအၫြတ္ေတာင္းပန္ျခင္း။ ယခုျဖစ္ေပၚေနသည့္အေျခအေနမ်ားေၾကာင့္ မနဝရတ္၏ ဂုဏ္သိကၡာအား ညႇိဳးႏြမ္း ေစမႈအတြက္ ကြၽန္ေတာ္တို႔ management team ဘက္မွ မ်ားစြာစိတ္မေကာင္းျဖစ္ရပါသည္။ အစ္မကိုယ္တိုင္ကလည္း တိရစာၦန္ ေလးမ်ားကို ခ်စ္ျမတ္ႏိုးသည့္စိတ္တစ္ခုတည္းျဖင့္ ဆိုင္ခြဲေပါင္းမ်ားစြာဖြင့္လွစ္ႏိုင္ရန္ Mandalay Pet Shop သို႔ အရင္းအႏွီးမ်ားစြာထုတ္ေပးခဲ့ၿပီး ကြၽန္ေတာ္တို႔ Management Team တြင္ ဝင္ေရာက္ လုပ္ကိုင္ျခင္း မရွိခဲ့ပါ” ဆိုတဲ့ ေတာင္းပန္ေၾကာင္းဝန္ထမ္းဘက္ကပိုစ့္တင္ေစကာ ေရွာင္ထြက္ခဲ့မႈကိုလည္း ေသဆုံးခဲ့တဲ့ Husky အမ်ိဳးအစား တိေလး ပိုင္ရွင္မိသားစုဘက္က ၎တို႔အတြက္ ႏွစ္သိမ့္မႈမရရွိေစခဲ့တဲ့အျပင္ ေက်နပ္မႈမရွိ ေၾကာင္း၊ အခုလိုျဖစ္စဥ္မွာ မင္းသမီး နဝရတ္အေနနဲ႔ တရားဝင္ေတာင္းပန္သင့္ေၾကာင္း၊ ဝန္ထမ္းေတြက အဆိုပါ တစ္ဖန္ျပန္ေတာင္းပန္ေစျခင္းကလုံးဝ မျဖစ္သင့္ေၾကာင္း ဆိုရွယ္လူမႈကြန္ရက္ပလက္ေဖာင္းကတစ္ ဆင့္ျပစ္တင္ေျပာဆိုခဲ့ၾကတာပါ။ ေဖေဖာ္ဝါရီလ (၁၃)ရက္နဲ႔ (၁၄)ရက္တို႔မွာ အဆိုပါတိေလးရဲ႕လႈပ္ရွားမႈေတြကို ပိုင္ရွင္ထံ ဗီဒီယိုဖိုင္ေပးပို႔ခဲ့ၿပီး၊ (၁၅)ရက္ညမွာေတာ့ Pet Hotel အခန္းအတြင္း တပ္ဆင္ထားတဲ့ Aircon ရဲ႕ Gas ပိုက္လိုင္းကေန ႐ုတ္တရက္ Gas ယိုစိမ့္မႈျဖစ္ပြားၿပီး Aircon စက္ရပ္တန႔္သြားခဲ့ေၾကာင္း၊ ဒီျဖစ္စဥ္ကို ၎တို႔အေနနဲ႔လည္း ညတြင္းခ်င္းမသိရွိခဲ့ဘဲ မနက္ပိုင္းေရာက္မွသိရွိခဲ့ရတဲ့ အတြက္ Aircon Gas ယိုစိမ့္မႈနဲ႔ အေအးဓာတ္မရွိေတာ့တဲ့ဒဏ္ေၾကာင့္ Husky အမ်ိဳးအစား တိေလးဆုံးပါးသြားခဲ့ရပါတယ္ Husky အမ်ိဳးအစား တိေလးျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အပူဒဏ္ကိုမခံႏိုင္ဘဲ အခုလိုမ်ိဳး ႐ုတ္တရက္ ေသဆုံးမႈျဖစ္ ေပၚေစခဲ့တဲ့အေပၚ ဝမ္းနည္းေၾကကြဲရေၾကာင္း အႏူးအၫြတ္ေတာင္းပန္ေၾကာင္း ဆိုင္ဘက္ကေဖာ္ျပခဲ့ပါတယ္။ ဆိုင္ဘက္က ပုံစံမ်ိဳးစုံနဲ႔ေတာင္းပန္စကားဆိုေနပါေစ ေဖေဖာ္ဝါရီလ (၁၈) ရက္အထိ မင္းသမီး နဝရတ္ကိုယ္တိုင္ တာဝန္ယူၿပီး မေျဖရွင္းဘဲ ဆိုင္ဝန္ထမ္းေတြရဲ႕ေတာင္းပန္စကားေၾကာင့္ ပိုင္ရွင္ဘက္က အမ်က္ေဒါသႀကီး ေနပုံ ရပါတယ္။
ဆိုင္ဘက္ကလည္း ၎တို႔ဆိုင္ရဲ႕ စက္ပစၥည္းခြၽတ္ယြင္းမႈကို ႀကိဳတင္မခန႔္မွန္းႏိုင္ခဲ့တဲ့ေပါ့ဆမႈေၾကာင့္ အခုလို အစားထိုးမရတဲ့ဆုံးရႈံးမႈမ်ိဳးျဖစ္သြားခဲ့ရတဲ့အတြက္ ကေလးေလးရဲ႕မိဘေတြကို တိုက္႐ိုက္ ဆက္သြယ္ၿပီး ေတာင္းပန္ စကားေျပာၾကားခဲ့ကာ လက္ရွိမွာေတာ့ က်န္ရွိတဲ့တိေလးေတြအတြက္ ဝန္ေဆာင္မႈအျပည့္ေပးႏိုင္ဖို႔ ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း ေျဖရွင္းထားေပမယ့္ တိခ်စ္သူ မိသားစုဝင္ေတြကေတာ့ ယုံၾကည္မႈ ပ်က္ယြင္းသြားၿပီျဖစ္ေၾကာင္း ဆိုး႐ြားလွတဲ့ မွတ္ခ်က္မ်ားစြာကို ေရးသားခဲ့ၾကပါတယ္။

အထူးဆုနဲ႔လြဲေခ်ာ္ခဲ့ရတဲ့ နတ္ဝင္သည္အဖြဲ႕သားမ်ား

အကယ္ဒမီပြဲဂယက္ေတြဟာ ပြဲၿပီး (၂)ပတ္ေျမာက္တဲ့အခ်ိန္ထိ ဆက္လက္ထြက္ေပၚလ်က္ရွိပါတယ္။ ဇာတ္ ေဆာင္၊ ဇာတ္ပို႔ဆု ေပးအပ္ခ်ီးျမႇင့္ျခင္းအျပင္ အခုတစ္ေခါက္မွာေတာ့ ပြဲမက်င္းပခင္ အစည္းအ႐ုံးထိေခၚယူကာ ေမွ်ာ္လင့္ခ်က္မ်ားရရွိခဲ့ၿပီး ပြဲတက္ေစကာမွ ဆုစာရင္းထဲမပါဝင္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာလာသူတစ္ဦးလည္း ရွိလို႔လာ ျပန္ပါတယ္။ ႐ုပ္ရွင္အထူးျပဳလုပ္ခ်က္ပညာရွင္ မင္းသန႔္ညိဳရဲ႕ “ကြၽန္ေတာ္တို႔ ဆုမရတာ ကိစၥမရွိပါဘူး။ ဒါေပမဲ့ အကယ္ဒမီပြဲကိုေခၚၿပီး အရွက္ခြဲခံလိုက္ရသလိုေတာ့ ခံစားမိပါတယ္။ အကယ္ဒမီပြဲကို ညီေလးတို႔တက္ပါလို႔ေတာ့ မေျပာခဲ့ဘူး။ အထူးဆုေပးဖို႔အစီအစဥ္ရွိတယ္။ ေပးမယ္ဆို CGI ကို ဦးစားေပး ေပးမယ္”လို႔ Myanmar Celebrity အႏုပညာမီဒီယာနဲ႔အင္တာဗ်ဴးေျဖဆိုထားမႈကို ၾကည့္ရႈလိုက္ရပါတယ္။
“နတ္ဝင္သည္ဇာတ္ကား ႐ုံတင္ၿပီးေနာက္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး အကယ္ဒမီဘုတ္အဖြဲ႕ဥကၠ႒က ကြၽန္ေတာ္တို႔တစ္ဖြဲ႕လုံးကို ႐ုပ္ရွင္အစည္းအ႐ုံးကို ေခၚေတြ႕ခဲ့ပါတယ္။ အထူးဆုကိစၥကို ေဆြးေႏြးတာပါ။ အကယ္၍ အထူးဆုေပးခဲ့လို႔ရွိရင္ အထူးဆုေပးမယ္ဆိုရင္ Computer-generated imagery (CGI) (Virtual effect) ကိုေပးခ်င္ တယ္။ ႐ုပ္ရွင္ဇာတ္ကားတစ္ကားမွာ VFX နဲ႔ပတ္သက္ၿပီး ဘယ္ႏွရာခိုင္ႏႈန္းပါသလဲလို႔ေမးတဲ့အခါ၊ ကြၽန္ေတာ္တို႔ ဘက္က ရွိပါတယ္။ နတ္ဝင္သည္ ဇာတ္ကားပါ။ VFX နဲ႔ ပတ္သက္ၿပီး ရာခိုင္ႏႈန္းဘယ္ေလာက္ပါလဲဆိုေတာ့ အနည္းဆုံး (၅၀) ရာခိုင္ႏႈန္းပါပါတယ္လို႔ ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ႐ုပ္ရွင္အကယ္ဒမီဘုတ္အဖြဲ႕ရဲ႕ စည္းမ်ဥ္းသတ္မွတ္ခ်က္ရွိတယ္။ CGI (Virtual effect) က ႐ုပ္ရွင္ဇာတ္ကားကိုအက်ိဳးျပဳရမယ္။ ပရိသတ္လက္ခံတဲ့အရည္အေသြးတစ္ခုရွိရမယ္ စတဲ့အခ်က္ ေတြနဲ႔ ျပည့္စုံပါက အကယ္ဒမီအထူးဆုေပးလို႔ရေၾကာင္း ေျပာဆိုမႈေတြရွိခဲ့တယ္”လို႔ ၎ကေျပာပါတယ္။
အကယ္ဒမီဆုမ်ားအတြက္ အကဲျဖတ္ၾကည့္ရႈစိစစ္ေ႐ြးခ်ယ္ခ်ိန္မွာကတည္းက တာဝန္ရွိပုဂၢိဳလ္ေတြရဲ႕ ႏႈတ္စည္း မေစာင့္ထိန္းမႈေၾကာင့္ နတ္၊ ပရေလာက၊ ဝိညာဥ္ဇာတ္ကားေတြက ဆုစာရင္းကေန လ်စ္လ်ဴရႈ ခံခဲ့ရျခင္းပင္ျဖစ္ပါတယ္။ (၂၀၂၄)ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု အထူးဆုကို ေႏွာင္႐ုပ္ရွင္ဇာတ္ကားနဲ႔ လုံလုံ(လကၤာဒီပ) ကရရွိခဲ့ ျခင္းျဖစ္ၿပီး၊ (၂၀၂၅) ခုႏွစ္အတြက္ အထူးဆုကို ခ်ီးျမႇင့္ခဲ့ျခင္းမရွိတာပါ။ (၂၀၂၆) ခုႏွစ္ ေဖေဖာ္ဝါရီလ (၇)ရက္က က်င္းပခဲ့တဲ့ (၂၀၂၅)ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲမွာ ထူးခြၽန္ဆု စုစုေပါင္း (၁၈)ဆု ေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.