တပ်မတော်(ရေ) သာမက မြန်မာနိုင်ငံတွင်ပါ စွမ်းဆောင်ရည်နှင့် အရွယ်အစားအကြီးမားဆုံးဖြစ်လာမည့် တန် (၄၀,၀၀၀) ရေလုံလွန်းကျင်းနှင့် ဖရီဂိတ်စစ်ရေယာဉ်(သာလွန်မင်း) တပ်တော်ဝင်

7470

သန့်ဇင် (NP News) - မတ် ၉
တပ်မတော်(ရေ) သာမက မြန်မာနိုင်ငံတွင်ပါ စွမ်းဆောင်ရည်နှင့် အရွယ်အစားအကြီးမားဆုံးဖြစ်လာမည့် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းနှင့် ဖရီဂိတ်စစ်ရေယာဉ်(သာလွန်မင်း) တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။
တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားနှင့် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားများအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ယမန်နေ့(မတ်လ ၈ ရက်) နံနက်ပိုင်းက သန်လျင်တပ်နယ် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀၀၀၀ ရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ကျင်းပသော တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနား နှင့် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားများအား ကျင်းပခဲ့ကြောင်း သိရသည်။
ယနေ့သည် တပ်မတော်(ရေ)အတွက်သာမက မြန်မာနိုင်ငံတွင်ပါ စွမ်းဆောင်ရည်အရလည်းကောင်း၊ အရွယ်အစားအရလည်းကောင်း အကြီးမားဆုံးဖြစ်လာမည့် ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်ဖွင့် လှစ်နိုင်ခဲ့သကဲ့သို့ ယခုဖွင့်လှစ်သည့် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းတွင် ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားအပါအဝင် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့ သည့် ဖရီဂိတ်စစ်ရေယာဉ်(သာလွန်မင်း)နှင့် မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ်များကိုလည်း တပ်တော်ဝင်နိုင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ဂုဏ်ယူစရာကောင်းပြီး အားသစ်လောင်းသည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
မိမိတို့နိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများသည် ပိုင်နက်ပင်လယ်အတွင်းသာမကဘဲ သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ် ပြင်အထိ ကျယ်ပြန့်စွာတည်ရှိနေသကဲ့သို့ မြန်မာ့ပင်လယ်ပြင်သည်လည်း ကမ္ဘာ့ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိကရေလမ်းကြောင်းများအနက် တစ်ခုအပါအဝင်ဖြစ်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေယာဉ်ကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကောင်းများနှင့် ရေနက်ဆိပ်ကမ်းများရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားအတွက် အလွန်အရေးပါလျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ကြောင့် ရေကြောင်းအကျိုးစီးပွားများဖြစ်သည့် ပင်လယ်ပြင်မှ စွမ်းအင်အကျိုးစီးပွားများ၊ ငါးသယံဇာတများ၊ ပင်လယ်ပြင် ဆက်သွယ်ရေးလမ်းကြောင်းကြီးများ၊ ရေကြောင်းကုန်သွယ်မှုများနှင့် ရေနက်ဆိပ်ကမ်းကြီးများအား အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာအသုံးချနိုင်စေရန် စွမ်းရည်ထက်မြက်၍ အင်အားတောင့်တင်းသော ရေတပ်ထူထောင်ထားရှိရန် လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် အနာဂတ်တပ်မတော်(ရေ)အတွက် လိုအပ်သည့် စစ်ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်/ ပြုပြင်နိုင်ရန်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများ တည်ဆောက် / ပြုပြင်နိုင် သည် အထိရည်သန်၍ ရေလုံလွန်းကျင်းကြီး တည်ဆောက်နိုင်ရေးကို စဉ်းစားသုံးသပ်ပြီး ၂၀၁၈ ခုနှစ်မှစပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးကဏ္ဍကို ကြည့်မည်ဆိုပါက အရွယ်အစားကြီးမားသည့် ဖရီဂိတ်စစ်ရေယာဉ် ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင်ပိုင်နက်စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ယနေ့ ဧရာခင်းမင်္ဂလာအခမ်းအနားပြုလုပ်မည့် စစ်ရေယာဉ်များသည် ယခုတန် ၄၀၀၀၀ ရေလုံလွန်းကျင်းတွင် စတင်တည်ဆောက်မည့် စစ်ရေယာဉ်များဖြစ်ပြီး အဆိုပါရေယာဉ်များ တည်ဆောက်နိုင်ခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်အတွင်း ကာကွယ်ရေးစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၆၀ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် တည်ဆောက် ရေး အတွေ့အကြုံကောင်းများရှိပြီးဖြစ်သော်လည်း ယနေ့ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ရေယာဉ်တည်ဆောက်ရေးနည်း စနစ်များကိုလည်း မျက်ခြည်မပြတ် လေ့လာသင်ယူပြီး အသုံးချနိုင်ရေး တစိုက်မတ်မတ် ကြိုးစားအားထုတ်သွားရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ရေလုံလွန်းကျင်းကြီးသည်နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးဖြစ်သည့်အတွက် ရေလုံလွန်းကျင်းနှင့် ရေလုံလွန်းကျင်းတွင်ပါသည့် စက်ပစ္စည်းကိရိယာများကို သက်တမ်းပြည့် စွမ်းအားပြည့် စနစ်တကျအသုံးပြုနိုင်ရေး ဆောင်ရွက်သွားကြရန်၊ ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေပြန်လည်ရရှိနိုင်ရေးအတွက် ပြည်တွင်း ပြည်ပ ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများ တည်ဆောက်ပြုပြင်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေယာဉ်ဗိသုကာနှင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် တပ်မတော် (ရေ)မျိုးဆက်သစ်အရာရှိ၊ စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးသွားရန်၊ မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင် အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရင်း တပ်မတော်၏ ကောင်းမြတ်သည့်အစဉ်အလာများကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်သွားကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
တပ်မတော်(ရေ) စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် တပ်တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ် (သာလွန်မင်း)သည် တပ်မတော်(ရေ) ရေယာဉ်တည်ဆောက်မှုသမိုင်း၌ အရွယ်အစားအားဖြင့် အကြီးမားဆုံး ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့သည့် စစ်ရေယာဉ်ဖြစ်ကြောင်း သိရသည်။
အချိန်ကာလတစ်လကျော်၊ စုစုပေါင်းခုတ်မောင်းချိန် ၂၇၀ နာရီ ကျော်၊ ခရီးအကွာအဝေးရေမိုင် ၃၅၀၀ ခန့် ခရီးရှည် စမ်းသပ်မောင်း နှင်ခဲ့ပြီး စမ်းသပ်မောင်းနှင်သည့် ခရီးစဉ်အတွင်း စံချိန်စံညွှန်းပြည့်မီမှုဆိုင်ရာ စမ်းသပ်မောင်းနှင်ခြင်းများ၊ ရေယာဉ်၌ တပ်ဆင်ထားသည့် ကိရိယာများအလိုက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အသုံးပြုနိုင်မှုအား စမ်းသပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
တပ္မေတာ္(ေရ) သာမက ျမန္မာႏိုင္ငံတြင္ပါ စြမ္းေဆာင္ရည္ႏွင့္ အ႐ြယ္အစားအႀကီးမားဆုံးျဖစ္လာမည့္ တန္ (၄၀,၀၀၀) ေရလုံလြန္းက်င္းႏွင့္ ဖရီဂိတ္စစ္ေရယာဥ္(သာလြန္မင္း) တပ္ေတာ္ဝင္
သန႔္ဇင္ (NP News) - မတ္ ၉
တပ္မေတာ္(ေရ) သာမက ျမန္မာႏိုင္ငံတြင္ပါ စြမ္းေဆာင္ရည္ႏွင့္ အ႐ြယ္အစားအႀကီးမားဆုံးျဖစ္လာမည့္ တန္ ၄၀၀၀၀ ေရလုံလြန္းက်င္းႏွင့္ ဖရီဂိတ္စစ္ေရယာဥ္(သာလြန္မင္း) တပ္ေတာ္ဝင္ခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္(ေရ)မွ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္ တန္ ၄၀,၀၀၀ ေရလုံလြန္းက်င္း ဖြင့္ပြဲအခမ္းအနား၊ ေရငုပ္သေဘၤာတိုက္ဖ်က္ေရး ေရယာဥ္မ်ား၏ ဧရာခင္းမဂၤလာအခမ္းအနားႏွင့္ စစ္ေရယာဥ္မ်ား တပ္ေတာ္ဝင္ျခင္းအခမ္းအနားမ်ားအား ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားကို ယမန္ေန႔(မတ္လ ၈ ရက္) နံနက္ပိုင္းက သန္လ်င္တပ္နယ္ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္၊ တန္ ၄၀၀၀၀ ေရလုံလြန္းက်င္း တည္ေဆာက္ေရးအလုပ္႐ုံႏွင့္ ေရတပ္ဆိပ္ခံတံတားတို႔၌က်င္းပေသာ တပ္မေတာ္(ေရ)မွ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္ တန္ ၄၀,၀၀၀ ေရလုံလြန္းက်င္းဖြင့္ပြဲအခမ္းအနား၊ ေရငုပ္သေဘၤာတိုက္ဖ်က္ေရးေရယာဥ္မ်ား၏ ဧရာခင္းမဂၤလာအခမ္းအနား ႏွင့္ စစ္ေရယာဥ္မ်ား တပ္ေတာ္ဝင္ျခင္းအခမ္းအနားမ်ားအား က်င္းပခဲ့ေၾကာင္း သိရသည္။
ယေန႔သည္ တပ္မေတာ္(ေရ)အတြက္သာမက ျမန္မာႏိုင္ငံတြင္ပါ စြမ္းေဆာင္ရည္အရလည္းေကာင္း၊ အ႐ြယ္အစားအရလည္းေကာင္း အႀကီးမားဆုံးျဖစ္လာမည့္ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္ တန္ ၄၀၀၀၀ ေရလုံလြန္းက်င္းႀကီးကို ေအာင္ျမင္စြာ တည္ေဆာက္ဖြင့္ လွစ္ႏိုင္ခဲ့သကဲ့သို႔ ယခုဖြင့္လွစ္သည့္ တန္ ၄၀၀၀၀ ေရလုံလြန္းက်င္းတြင္ ပထမဆုံးစတင္တည္ေဆာက္မည့္ စစ္ေရယာဥ္မ်ား၏ ဧရာခင္းမဂၤလာအခမ္းအနားအပါအဝင္ တပ္မေတာ္(ေရ)တြင္ တည္ေဆာက္ခဲ့ သည့္ ဖရီဂိတ္စစ္ေရယာဥ္(သာလြန္မင္း)ႏွင့္ ျမစ္တြင္းသြား ဘက္စုံသုံးစစ္ေရယာဥ္မ်ားကိုလည္း တပ္ေတာ္ဝင္ႏိုင္မည္ျဖစ္ျခင္းေၾကာင့္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ ဂုဏ္ယူစရာေကာင္းၿပီး အားသစ္ေလာင္းသည့္ ေန႔တစ္ေန႔ပင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
မိမိတို႔ႏိုင္ငံ၏ ေရေၾကာင္းအက်ိဳးစီးပြားမ်ားသည္ ပိုင္နက္ပင္လယ္အတြင္းသာမကဘဲ သီးသန႔္စီးပြားေရးဇုန္ျဖစ္သည့္ ကမ္းလြန္ပင္လယ္ ျပင္အထိ က်ယ္ျပန႔္စြာတည္ရွိေနသကဲ့သို႔ ျမန္မာ့ပင္လယ္ျပင္သည္လည္း ကမာၻ႔ကုန္သြယ္ေရေၾကာင္း ေရယာဥ္ႀကီးမ်ား ျဖတ္သန္းသြားလာေနသည့္ အဓိကေရလမ္းေၾကာင္းမ်ားအနက္ တစ္ခုအပါအဝင္ျဖစ္ျခင္း၊ ကမာၻ႔ကုန္သြယ္ေရယာဥ္ႀကီးမ်ား ဝင္ထြက္ဆိုက္ကပ္ႏိုင္သည့္ ဆိပ္ကမ္းေကာင္းမ်ားႏွင့္ ေရနက္ဆိပ္ကမ္းမ်ားရွိျခင္းတို႔ေၾကာင့္ ႏိုင္ငံေတာ္၏ေရေၾကာင္းအက်ိဳးစီးပြားအတြက္ အလြန္အေရးပါလ်က္ရွိသည္ကို ျမင္ေတြ႕ရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ေရေၾကာင္းအက်ိဳးစီးပြားမ်ားျဖစ္သည့္ ပင္လယ္ျပင္မွ စြမ္းအင္အက်ိဳးစီးပြားမ်ား၊ ငါးသယံဇာတမ်ား၊ ပင္လယ္ျပင္ ဆက္သြယ္ေရးလမ္းေၾကာင္းႀကီးမ်ား၊ ေရေၾကာင္းကုန္သြယ္မႈမ်ားႏွင့္ ေရနက္ဆိပ္ကမ္းႀကီးမ်ားအား အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ထိေရာက္စြာအသုံးခ်ႏိုင္ေစရန္ စြမ္းရည္ထက္ျမက္၍ အင္အားေတာင့္တင္းေသာ ေရတပ္ထူေထာင္ထားရွိရန္ လိုအပ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ အနာဂတ္တပ္မေတာ္(ေရ)အတြက္ လိုအပ္သည့္ စစ္ေရယာဥ္မ်ား ကိုယ္တိုင္တည္ေဆာက္/ ျပဳျပင္ႏိုင္ရန္အျပင္ ႏိုင္ငံေတာ္၏ အက်ိဳးစီးပြားကိုတစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳႏိုင္ရန္အတြက္ အရပ္ဘက္ကုန္တင္ေရယာဥ္ႀကီးမ်ား တည္ေဆာက္ / ျပဳျပင္ႏိုင္ သည္ အထိရည္သန္၍ ေရလုံလြန္းက်င္းႀကီး တည္ေဆာက္ႏိုင္ေရးကို စဥ္းစားသုံးသပ္ၿပီး ၂၀၁၈ ခုႏွစ္မွစၿပီး စီစဥ္ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
တပ္မေတာ္(ေရ)အေနျဖင့္ ေရယာဥ္တည္ေဆာက္ေရးက႑ကို ၾကည့္မည္ဆိုပါက အ႐ြယ္အစားႀကီးမားသည့္ ဖရီဂိတ္စစ္ေရယာဥ္ ႀကီးမ်ားကို ျပည္တြင္း၌ပင္ ကိုယ္တိုင္တည္ေဆာက္ တပ္ေတာ္ဝင္ႏိုင္ခဲ့ျခင္းေၾကာင့္ တပ္မေတာ္၏ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးတာဝန္မ်ားထမ္းေဆာင္ႏိုင္မႈကို အေထာက္အကူမ်ားစြာျဖစ္ေစခဲ့သည့္အျပင္ ျမန္မာ့ေရျပင္ပိုင္နက္စိုးမိုးလုံၿခဳံေရးကိုလည္း ပိုမိုခိုင္မာေကာင္းမြန္ေစခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ယေန႔ ဧရာခင္းမဂၤလာအခမ္းအနားျပဳလုပ္မည့္ စစ္ေရယာဥ္မ်ားသည္ ယခုတန္ ၄၀၀၀၀ ေရလုံလြန္းက်င္းတြင္ စတင္တည္ေဆာက္မည့္ စစ္ေရယာဥ္မ်ားျဖစ္ၿပီး အဆိုပါေရယာဥ္မ်ား တည္ေဆာက္ႏိုင္ျခင္းျဖင့္ ျမန္မာ့ပင္လယ္ျပင္အတြင္း ကာကြယ္ေရးစြမ္းေဆာင္ရည္မ်ား တိုးတက္ျမင့္မားလာေစမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
တပ္မေတာ္(ေရ)အေနျဖင့္ ေရယာဥ္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ၁၉၆၀ ျပည့္ႏွစ္က စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သျဖင့္ တည္ေဆာက္ ေရး အေတြ႕အႀကဳံေကာင္းမ်ားရွိၿပီးျဖစ္ေသာ္လည္း ယေန႔ေခတ္ႏွင့္အညီ ဖြံ႕ၿဖိဳးတိုးတက္ေနသည့္ ေရယာဥ္တည္ေဆာက္ေရးနည္း စနစ္မ်ားကိုလည္း မ်က္ျခည္မျပတ္ ေလ့လာသင္ယူၿပီး အသုံးခ်ႏိုင္ေရး တစိုက္မတ္မတ္ ႀကိဳးစားအားထုတ္သြားရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ေရလုံလြန္းက်င္းႀကီးသည္ႏိုင္ငံတကာအဆင့္မီ သေဘၤာက်င္းႀကီးျဖစ္သည့္အတြက္ ေရလုံလြန္းက်င္းႏွင့္ ေရလုံလြန္းက်င္းတြင္ပါသည့္ စက္ပစၥည္းကိရိယာမ်ားကို သက္တမ္းျပည့္ စြမ္းအားျပည့္ စနစ္တက်အသုံးျပဳႏိုင္ေရး ေဆာင္႐ြက္သြားၾကရန္၊ ရင္းႏွီးျမႇဳပ္ႏွံမႈမွ ဝင္ေငြျပန္လည္ရရွိႏိုင္ေရးအတြက္ ျပည္တြင္း ျပည္ပ ကုန္သြယ္ေရေၾကာင္း ေရယာဥ္ႀကီးမ်ား တည္ေဆာက္ျပဳျပင္ႏိုင္သည္အထိ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မွာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေရယာဥ္ဗိသုကာႏွင့္ ေရယာဥ္တည္ေဆာက္ေရးလုပ္ငန္းမ်ား၊ လူ႔စြမ္းအားအရင္းအျမစ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလည္း တစိုက္မတ္မတ္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္၊ ပခုံးေျပာင္းတာဝန္ထမ္းေဆာင္ၾကမည့္ တပ္မေတာ္ (ေရ)မ်ိဳးဆက္သစ္အရာရွိ၊ စစ္သည္မ်ားကိုလည္း ေကာင္းမြန္သည့္ အစဥ္အလာေကာင္းမ်ား လက္ဆင့္ကမ္းေပးသြားရန္၊ ျမန္မာ့ပင္လယ္ျပင္ႏွင့္ ပင္လယ္ျပင္ အက်ိဳးစီးပြားမ်ားကို ကာကြယ္ေရးအတြက္ ေပးအပ္သည့္ တာဝန္မ်ားကို ေက်ပြန္ေအာင္ထမ္းေဆာင္ရင္း တပ္မေတာ္၏ ေကာင္းျမတ္သည့္အစဥ္အလာမ်ားကို အသက္ႏွင့္ထပ္တူ ထိန္းသိမ္းေစာင့္ေရွာက္သြားၾကရန္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္(ေရ) စစ္ေရယာဥ္မ်ား တပ္ေတာ္ဝင္ျခင္းအခမ္းအနားတြင္ တပ္ေတာ္ဝင္ခဲ့သည့္ ဖရီဂိတ္စစ္ေရယာဥ္ႀကီး စစ္ေရယာဥ္ (သာလြန္မင္း)သည္ တပ္မေတာ္(ေရ) ေရယာဥ္တည္ေဆာက္မႈသမိုင္း၌ အ႐ြယ္အစားအားျဖင့္ အႀကီးမားဆုံး ကိုယ္တိုင္တည္ေဆာက္ တပ္ေတာ္ဝင္ႏိုင္ခဲ့သည့္ စစ္ေရယာဥ္ျဖစ္ေၾကာင္း သိရသည္။
အခ်ိန္ကာလတစ္လေက်ာ္၊ စုစုေပါင္းခုတ္ေမာင္းခ်ိန္ ၂၇၀ နာရီ ေက်ာ္၊ ခရီးအကြာအေဝးေရမိုင္ ၃၅၀၀ ခန႔္ ခရီးရွည္ စမ္းသပ္ေမာင္း ႏွင္ခဲ့ၿပီး စမ္းသပ္ေမာင္းႏွင္သည့္ ခရီးစဥ္အတြင္း စံခ်ိန္စံၫႊန္းျပည့္မီမႈဆိုင္ရာ စမ္းသပ္ေမာင္းႏွင္ျခင္းမ်ား၊ ေရယာဥ္၌ တပ္ဆင္ထားသည့္ ကိရိယာမ်ားအလိုက္ သတ္မွတ္စံခ်ိန္စံၫႊန္းမ်ားအတိုင္း အသုံးျပဳႏိုင္မႈအား စမ္းသပ္ျခင္းတို႔ကိုေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။