ဘတ်သန်း ၄ဝဝ နီးပါး အကုန်ကျခံကာ တင့်ကားသုံးစင်းကို တရုတ်ထံမှ ဝယ်ယူသဖြင့် ထိုင်းရေတပ် ဝေဖန်ခံနေရ
                        
                            
                             
 1034
 
                             
                            
                            
                         
                        
 
                        ဝတီ (NP News) - ဇွန် ၂
ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ဘေးကြီး ဖြစ်ပွားနေစဉ်အတွင်းတွင် တရုတ်ထံမှ တင့်ကားသုံးစင်းကို ငွေကုန် ကြေးကျများစွာခံကာ ဝယ်ယူလိုက်သဖြင့် ထိုင်းတော်ဝင်ရေတပ်က ဝေဖန်ခံနေရသည်။ သို့သော်  ကပ်ဘေးကြီးမဖြစ်ပွားမီကတည်းကပင် ဝယ်ယူခွင့်ကျထားပြီးသားဖြစ်ကြောင်းပြောကာ ထိုင်းရေတပ်က တင့်ကားဝယ်ယူသည့် ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုလိုက်သည်ဟု ဇွန်လ ၂ ရက် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။ 
ဘတ် ၃၉၈ သန်း ကုန်ကျမည့် အဆိုပါတင့်ကားဝယ်ယူရေးစီမံကိန်းသည် ၂ဝ၂ဝ ခုနှစ် ဘဏ္ဍာ ရေးနှစ်ကတည်းကပင် အတည်ပြုချက်ရထားပြီးသားဖြစ်သဖြင့် ဝယ်လိုက်ခြင်းဖြစ်ကြောင်း VN 16 တင့်ကားသုံးစင်း ရောက်ရှိလာသည့်ကိစ္စနှင့်ပတ်သက်ကာ ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။ ယင်းတင့်ကားများကို ဝယ်မည်ဆိုသည့် အမှာစာကို ပြီးခဲ့သည့်နှစ် ဇွန်လကတည်းက တင်ထားခြင်းဖြစ်ပြီး တင့်ကားများက ပြီးခဲ့သည့်သီတင်းပတ်တွင်မှ ထိုင်းသို့ရောက်လာခြင်းဖြစ် ကြောင်း၊ ယင်းတင့်ကားများကို Sattahip ခရိုင်ရှိ ရေတပ်ခွဲအတွက် ချထားပေးမည်ဖြစ်ကြောင်း ရေတပ်သတင်းရင်းမြစ်တစ်ခုမှ သိရသည်။
အဆိုပါ အပေါ့စားတင့်ကားသည် ကုန်း၊ရေ နှစ်သွယ်သုံးနိုင်ပြီး တရုတ်ကုမ္ပဏီ တစ်ခုက ထုတ်လုပ်ထားကြောင်းသိရသည်။ ကိုဗစ်ကာကွယ်ဆေး ရောက်မလာဘဲ တင့်ကားများ ရောက်ရှိလာရခြင်း အကြောင်း ရင်းကို အတိုက်အခံဘက်က ရေတပ်ကို မေးခွန်းထုတ်နေပြီး နိုင်ငံသားများကလည်း အစိုးရကို များစွာဝေဖန်နေကြသည်။