လွှတ်တော်ကိုယ်စားလှယ်များကို CRPH ၊ NUG ၊ PDF တို့နှင့် ပတ်သက်ခြင်းမရှိကြောင်း ဖိအားပေး လက်မှတ်ရေးထိုး ခိုင်းခြင်းများသည် လုံးဝတရားမဝင်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာချက်ထုတ်
                        
                            
                             
 768
 
                             
                            
                            
                         
                        
 
                        NP News - ဇွန် ၁၀
လွှတ်တော်ကိုယ်စားလှယ်များကို CRPH ၊ NUG ၊ PDF တို့နှင့် ပတ်သက်ခြင်းမရှိကြောင်း ဖိအားပေး လက်မှတ် ရေးထိုး ခိုင်းခြင်းများသည် လုံးဝတရားမဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဇွန်လ ၁၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လွှတ်တော်ကိုယ်စား လှယ်အဖြစ် အသိအမှတ်ပြုလွှာရရှိခဲ့ပြီးဖြစ်၍ တရားဝင်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ပိုင်ခွင့်ရှိသူများ ဖြစ်သည်ဟု ဆိုသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ပြီး ပြည်သူလူထုဆန္ဒကို အလေးမထားဘဲ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေသော စစ်ကောင်စီကသာလျှင် တရားမဝင်သော အကြမ်းဖက်အဖွဲ့အစည်း ဖြစ်ကြောင်းနှင့် စစ်ကောင်စီမှ ပြည်သူလူထုက ယုံကြည်စွာ ရွေးကောက်တင်မြှောက်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်များကို မထမ်းဆောင်နိုင်အောင် ကြံစည်ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီး လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိကာ ပြည်တွင်းပြည်ပ ထောက်ခံမှုများနှင့်အတူ နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည် ဟု ယင်းတို့ကဆိုသည်။