ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များအကြား မဲပေးစက်များ လုံခြုံစွာရွှေ့ပြောင်းနိုင်ရေး UEC ပြင်ဆင်နေ

 163

Pearl (NP News) - ဇွန် ၂၂
ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များအကြား မဲပေးစက်များကို လုံခြုံစွာရွှေ့ပြောင်းနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြင်ဆင်နေကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ဇွန်လ ၂၀ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အလားတူ ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျသိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့်တစ်ခုအကြား သတ်မှတ်ကာလအတွင်း မဲပေးစက်များ လုံခြုံစွာစနစ်တကျရွှေ့ပြောင်းပေးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နည်းလမ်းများ ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲက်င္းပမည့္ ၿမိဳ႕နယ္မ်ားအၾကား မဲေပးစက္မ်ား လုံၿခဳံစြာေ႐ႊ႕ေျပာင္းႏိုင္ေရး UEC ျပင္ဆင္ေန
Pearl (NP News) - ဇြန္ ၂၂
ေ႐ြးေကာက္ပြဲက်င္းပမည့္ ၿမိဳ႕နယ္မ်ားအၾကား မဲေပးစက္မ်ားကို လုံၿခဳံစြာေ႐ႊ႕ေျပာင္းႏိုင္ေရးအတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ျပင္ဆင္ေနေၾကာင္း သိရသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ သည္ က်င္းပျပဳလုပ္မည့္ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းစဥ္မ်ား ညႇိႏႈိင္းအစည္းအေဝးကို ၿပီးခဲ့သည့္ ဇြန္လ ၂၀ရက္ေန႔က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝးတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးကိုကိုက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ မဲဆႏၵရွင္ျပည္သူမ်ား မဲေပးရာတြင္ မွန္ကန္လြယ္ကူေစရန္ႏွင့္ မဲမသမာမႈမ်ားမျဖစ္ပြားေစရန္ လာမည့္ေ႐ြးေကာက္ပြဲတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ မဲေပးစက္မ်ားအသုံးျပဳမဲေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။
အလားတူ ေ႐ြးေကာက္ပြဲအတြက္ လိုအပ္သည့္မဲေပးစက္မ်ား ထုတ္လုပ္လ်က္ရွိၿပီး ရရွိလာသည့္ မဲေပးစက္မ်ားကို သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားသို႔ သယ္ယူပို႔ေဆာင္ျခင္း၊ သိုေလွာင္ထိန္းသိမ္းျခင္းႏွင့္ ပ်က္စီးမႈမရွိေစေရး စနစ္တက်သိမ္းဆည္း စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္က်င္းပသြားမည္ျဖစ္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ၿမိဳ႕နယ္တစ္ခုႏွင့္တစ္ခုအၾကား သတ္မွတ္ကာလအတြင္း မဲေပးစက္မ်ား လုံၿခဳံစြာစနစ္တက်ေ႐ႊ႕ေျပာင္းေပးႏိုင္ေရး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ားအေနျဖင့္ နည္းလမ္းမ်ား ဝိုင္းဝန္းေဆြးေႏြးေပးၾကရန္ႏွင့္ လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ရာတြင္ ပံ့ပိုးကူညီေဆာင္႐ြက္ေပးၾကရန္လည္း တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.