မူဆယ်သို့လာရောက်မည့်သူများအနေဖြင့် အဆိုတော် ရှင်မင်းမြတ်ကဲ့သို့ မဖြစ်ရန် မြို့ခံနှင့် အတူသွားလာသင့်ကြောင်း အကြံပြု

33115

သန့်ဇင်(NP News)-ဇန်နဝါရီ ၁၇
မြန်မာ - တရုတ် နယ်စပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ မူဆယ်မြိ့ သို့လာရောက်မည့်သူများအနေဖြင့် အဆိုတော်ရှင်မင်းမြတ်ကဲ့သို့ မဖြစ်ရန် မြို့ခံနှင့် အတူ သွားလာသင့် ကြောင်း အကြံပြုမူဆယ်မြို့ခံသတင်း ရင်းမြစ်များက The Statesman ဂျာနယ်မှတစ်ဆင့် အကြံပြုပြော ဆိုထားသည်။
ဇန်နဝါရီ ၅ ရက်က မူဆယ်မြို့သို့ မင်္ဂလာပွဲဖျော်ဖြေရန် သွားရောက်ခဲ့သည့် အဆိုတော်ရှင်မင်းမြတ်သည် မူဆယ်မြို့သို့ရောက်ရှိပြီး ဇန်နဝါရီလ ၆ ရက်တွင် ပွဲကျင်းပမည့်နေရာသို ကြည့်ရှုပြင်ဆင်ရန်သွားရောက်စဉ် လူ (၄) ဦးက ပြန်ပေးဆွဲကာ အွန်လိုင်း ငွေလိမ်လုပ်ငန်း တစ်ခုသို့ ပို့ဆောင်ခံခဲ့ရသည်။
ပြန်ပေးဆွဲခဲ့သူ (၄) ဦးအနက် တစ်ဦးမှာ ပြည်သူ့စစ်၊ ကျန်နှစ်ဦးမှာ ယူနန်- မြန်မာစကားပြောနိုင်သူ၊ ကျန်တစ်ဦးမှာ ကိုးကန့်လူမျိုးဖြစ်ကြောင်း၊ ပြန်ပေးငွေ ကျပ်သိန်း (၇၀၀၀) တောင်းရာမှ အဆင့်ဆင့်လျှော့ရင်း ကျပ်သိန်း (၃၀၀၀)ပေးမှ ပြန်လွှတ်ပေးမည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် မရမက စုစည်းပေးဆောင်ခဲ့ရ ကြောင်း၊ ဒဏ်ရာများလည်း ရခဲ့ကြောင်း အဆိုတော် ရှင်းမင်းမြတ် တင်ထားသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သို့ တိုင်ကြားထားသည့် စာအရ သိရသည်။
အဆိုပါ အကြောင်းကို မူဆယ်မြို့ခံများ သိရှိခြင်း မရှိကြပဲ သတင်းထွက်မှသာ သိရကြရခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။
“အကြံပေးချင်တာကတော့ ရှင်းရှင်းလေးပဲ တစ်ဦးတည်း တစ်ယောက်တည်းမသွားနဲ့ပေါ့နော်။ သွားပြီဆိုရင်လည်း အသိမိတ်ဆွေရှိရင် လည်း ကားဂိတ်မှာသော်လည်းကောင်း ကျွန်တော်တို့ မြို့ဝင်ဂိတ်တွေမှာ လာကြိုခိုင်းတာသော်လည်းကောင်း ဒါမျိုးလာကြိုခိုင်းစေချင် တယ်။ သဘောက တက္ကစီနဲ့ဆိုရင်လည်း အဲဒီတက္ကစီက မူဆယ်ကိုမရောက်ဘူး။ အဲဒီတက္ကစီသမားကလည်းလည်းလုပ်နိုင်တယ်။ ဥပမာ ဟိုမွန်ရပ်ကွက်ကိုခေါ်ရင် အခြားရပ်ကွက်ကို ခေါ်ရင်ခေါ်သွားမှာ။ အဲဒီလိုမျိုး ကျားဖျန့်လုပ်ငန်းအတွက်ဆိုရင် တရုတ်ဆိုရင် ယွမ်(၂) သိန်း၊ (၃) သိန်းရတယ်။ ပြန်ပေးဆွဲငွေက။ ရောင်းစားပစ်လိုက်တာပေါ့။ မြန်မာကိုတော့ သိပ်ဆွဲလေ့ဆွဲထမရှိဘူး”ဟု မြို့ခံတစ်ဦးက ဆိုသည်။
မူဆယ်မြို့တွင် ယင်းကဲ့သို့ ပြန်ပေးဆွဲခံရခြင်းသည် တုန်လှုပ် ခြောက်ခြား ဖွယ်ကောင်းကြောင်း အခြားသော မူဆယ်မြို့ခံတစ်ဦးက ဆိုသည်။
“မူဆယ်ပြည်သူလူထုအနေနဲ့တော့ တုန်လှုပ်ခြောက်ခြားစရာပေါ့နော်။ လုံခြုံရေးတွေလည်း အပြည့်ရှိတယ်လေ။ ဒီလိုဖြစ်စဉ်ကြီး ဟိုးလေးတစ်ကျော်ကျော်နဲ့ တိုင်းသိပြည်သိဖြစ်သွားတဲ့အထိလောက်ကို တော်တော်ကို တုန်လှုပ်ခြောက်ခြားစရာကောင်းတာပေါ့။ အဲဒီတော့ မူဆယ်မြို့ခံတစ်ယောက်အနေနဲ့ လုံခြုံမှုမရှိဘူးလို့ သုံးသပ်ရမှာ ပေါ့”ဟု မူဆယ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
မူဆယ်တွင် ပြန်ပေးဆွဲ ခံရသူများမှာ အသက် ၁၈ နှစ်မှ အသက် ၃၀ ကြား အရွယ်ကောင်း လူငယ်အရွယ် များကြောင်း ၎င်းက ပြောသည်။
“ဟိုးအရင်ကလည်း ဒီလိုမျိုးဖြစ်စဉ်တွေရှိခဲ့တယ်။ တရုတ်လူငယ်တွေလည်း ပြန်ပေးဆွဲခံရတဲ့အထဲမှာ ပါတာပဲ။ ဓားပြတိုက်ခံရင်လည်းပါတာပဲ။ ကြည့်လိုက်ရင် ဆွဲခံရတာ (၁၈)နှစ်ကနေ အသက် (၃၀)ကြားတွေများတယ်”ဟု ၎င်းကပြောသည်။
ယင်း ယင်းဖြစ်စဉ်မျိုး ရံဖန်ရံခါမှသာ ဖြစ်ပေါ်တတ်သော်လည်း ခိုးဆိုးလုယက်မှုများမှာမူ တစ်ပတ်လျှင် အနည်းဆုံး (၅) ကြိမ်ထပ်မနည်း ဖြစ်ပွားလေ့ရှိကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ မြို့ခံတွေကတော့ ပတ်သက်မှုမရှိတော့ မြင်တွေ့ကြားနေရတာပေါ့။ လုယက်မှုကတော့ တစ်ပတ်ကို (၇) ရက်မှာ (၅) ကြိမ် လောက်တော့ ရှိတယ်။ မူဆယ်မှာက ထမင်းစားရေသောက်လို့ကို ဖြစ်နေတာ” ဟု အထက်ပါ ဒေသခံက ပြောသည်။