ခိုင်နှင်းဝေက ခြေတု၊ လက်တု စက်ရုံတည်ဆောက်ပြီး ချို့တဲ့သူများအတွက် အခမဲ့လှူဒါန်းမည်

936

အိဖြူ(NP News) - စက်တင်ဘာ ၂
သရုပ်ဆောင် ခိုင်နှင်းဝေက သူမအနေဖြင့် ခြေတု၊ လက်တု ထုတ်လုပ်သော စက်ရုံတစ်ခုတည်ထောင်ရန် စတင်အကောင်အထည်ဖော်ရွက်နေပြီဖြစ်ကြောင်း စက်တင်ဘာလ (၁) ရက်က သူမ၏လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။
ခြေတု၊ လက်တု စက်ရုံကို အလှူရှင်တစ်ဦးမှ သူမအသုံးပြုရန်အတွက်လှူဒါန်းထားသော တောင်ဒဂုံမြို့နယ်ရှိ (၁ဝ၅) မြေကွက်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ယခုအလှူသည်လည်း ခုနှစ်ရက်သားသမီးအားလုံး၏ အလှူတစ်ခုဖြစ်ကြောင်း ပြောသည်။
“ခြေတု၊ လက်တု၊ စက်ရုံလေး တစ်ခုတည်ထောင်ဖို့ စတင်အကောင်အထည်ဖော်ဖြစ်ပါတယ်။ စက်ရုံ အသေးစားလေး တည်ထောင်ပြီး ခြေတု ၊ လက်တု မတပ် နိုင်တဲ့ မည်သူ့ကိုမဆို အခမဲ့ တပ်ဆင်လှူဒါန်းပေးသွားပါမယ်” ဟု ခိုင်နှင်းဝေက ရေးသားဖော်ပြထားသည်။
ခိုင်နှင်းဝေသည် မိဘမဲ့ကလေးငယ်လေးများကို မွေးစားစောင့်ရှောက်ခြင်းများပြုလုပ်လျက်ရှိရာ အလှူရှင်များနှင့် ပူးပေါင်း၍လည်း စားဝတ်နေရေးအခက်အခဲဖြစ်နေ သူများအား စားသောက်ကုန်ကြမ်းများ လှူဒါန်းခြင်း၊ ကာလ ဒါနအလှူများအား အလျဉ်းသင့်သလိုပြုလုပ်ခြင်းနှင့် သဘောဝဘေးအန္တရာယ်များနှင့်ကြုံတွေ့နေရသည့် ပြည်သူများအတွက် အရေးပေါ်ပစ္စည်းများထောက်ပံ့ခြင်း များ ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လပိုင်းအတွင်းကလည်း ခြေတု လိုအပ်နေသော မိန်းကလေးငယ်တစ်ဦးနှင့် ကလေးငယ်လေး တစ်ဦးတို့အတွက် ခြေတုလှူဒါန်းခဲ့ပြီး အဆိုပါကလေးငယ်များမှလည်း ခိုင်နှင်းဝေ၏ ကူညီပေးမှုကြောင့် အလွန်ပင်ဝမ်းသာကြောင်းဆိုခဲ့ဖူးပြီး၊ ခြေတု အကူအညီဖြင့် များစွာအဆင်ပြေသွားကြောင်း သိရသည်။
ယခုတစ်ခေါက် ခြေတု၊ လက်တု စက်ရုံ ဆောက်လုပ်လှူဒါန်းမည့်အလှူအတွက်လည်း သူမသည် စက်ရုံအတွက် နေရာပြင်ဆင်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများပြင်ဆင်ခြင်း၊ လိုအပ်သောစက်များ ဝယ်ယူခြင်း၊ ခြေတု၊ လက်တုပညာရှင်များအား ဖိတ်ခေါ်ခြင်း တို့ကို အမြန်ဆုံးလုပ်ဆောင်၍ လိုအပ်နေသူများအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းအသိပေးထားသည်။
#NPNews