ကလေးမြို့တွင် လူနေအိမ်များအားမီးရှို့မှုနှင့်ဘုန်းကြီးကျောင်းအားပစ်ခတ်မှုဖြစ်ပွား

1928

NP News - စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းအား စက် တင်ဘာလ (၁၁) ရက်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှသေနတ်များဖြင့်ပစ်ခတ်ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကျူးလွန်သူများသည် တူးမီးနှင့် လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် အကြမ်းဖက်အဖွဲ့ ဖြစ်သည်ဟု စစ်ကောင်စီသတင်းမှန်ပြန်ကြားရေး၏ စက်တင်ဘာလ (၁၅) ရက် ထုတ်ပြန်ချက်အရသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာသို့ စက်တင်ဘာ (၁၁) ရက် ည (၁ဝ) နာရီခန့်တွင် အကြမ်းဖက်သူ အင်အား (၅ဝ)ခန့်က တူမီးသေနတ်နှင့် လက်လုပ်သေနတ်များဖြင့်ဝင်ရောက်၍ ကျေးရွာရှိရတနာရောင်ခြည် ဘုန်းတော်ကြီးကျောင်းအား သေနတ်များဖြင့် ပစ် ခတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ (၂၅) လုံးခန့်မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် ကျေးရွာနေအမျိုးသား(၂)ဦးအား ဖမ်းဆီးခေါ်ဆောင်၍ ကျောက်စီကျေးရွာအနီး၌ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် စက်တင်ဘာလအတွင်း ဒေသခံ PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ကလေးမြို့နယ် မြစ်သာမြစ်ဝှမ်းတစ် လျှောက်ရှိ ကျေးရွာများမှ ဒေသခံများ နေအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရကြောင်းနှင့် ကျေးရွာအချို့မှ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုများ ရှိနေကြောင်း သိရသည်။
#NPNews