ပဋ္ဌာန်းပွဲကျင်းပရန်အစည်းဝေးလုပ်နေစဉ် PDFအဖွဲ့ကလာပစ်သည့်အတွက် (၇)ဦးသေဆုံးကာ အလှူငွေများလုယက်ခံရ

1140

သန့်ဇင်(NP News)-ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ ဓမ္မာရုံတွင်ပဋ္ဌာန်းပွဲကျင်းပရန်အစည်းဝေးလုပ်နေစဉ် PDFအဖွဲ့၏ သေနတ်ဖြစ်လာရောက် ပစ်ခတ်မှုကြောင့် (၇)ဦးသေဆုံးကာ အလှူငွေများလည်းလုယက်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁ရက်) မွန်းလွဲ ၂နာရီ ၅၀မိနစ်အချိန်ခန့်က ညောင်ဦးမြို့နယ်၊ ပုဂံမြို့တောင်ပိုင်၊ ဂန့်ဂါရပ်ကွက်ရှိ ဓမ္မာရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓမ္မာရုံတွင်(၁၉)ကြိမ်မြောက်အသံမဆဲမဟာပဌာန်းပွဲအတွက် ရပ်မိရပ်ဖ(၁၅)ဦးက အစည်းဝေးပြုလုပ်နေစဉ် ဂန့်ဂါကျေးရွာ တောင်ဘက်၊ ညောင်လှကျေးရွာလမ်းမှ PDFအဖွဲ့ဝင်များရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် ဓမ္မာရုံအတွင်းသို့ ဝင်ရောက်လာ အစည်းအဝေးပြုလုပ်နေသူများအား သေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပဋ္ဌာန်းအလှူငွေများကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် အစည်းအဝေးလုပ်နေသူ(၁၅)ဦးအနက် အသက်(၄၀)နှစ်ကျော်မှ (၈၀)နှစ်ကျော်အရွယ်ရှိ ဦးဇော်ဇော်(ခ)ဦးမြင့်ဇော်၊ ဦးတင်မြိုင်၊ ဦးခင်မောင်ဌေး၊ ဦးခင်မောင်သန်း၊ ဦးသန်းထွန်း၊ ဦးစိုးမင်း၊ ဦးကြည်ထွန်း တို့သေဆုံးခဲ့ပြီး(၆)ဦး ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအားဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version: