အိန္ဒိယနှင့် ဥဇဘက်ကစ္စတန် နိုင်ငံတို့မှ ဝါနှင့်ထောပတ်သီး ထုတ်လုပ်ရေးပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်း

153

NP News - ဩဂုတ် ၁၅
မြန်မာနိုင်ငံသို့ အရည်အသွေးမြင့်ဝါမျိုးစေ့ တင်သွင်းရန်ကဏ္ဍနှင့် တန်ဖိုးမြှင့်ထောပတ်သီး ထုတ်လုပ်မှုကဏ္ဍ စသည့် ကဏ္ဍ ၂ ခုတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနှင့် ဥဇဘက်ကစ္စတန် နိုင်ငံတို့မှ ကမ်းလှမ်းထားကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
အိန္ဒိယနိုင်ငံ Gujarat ပြည်နယ်၊ Rajkot မြို့အခြေစိုက် OOO Farm ကိုယ်စား International Federation of Business Intellectuals and Changemakers(IFBIC) မှ ဝါမျိုးစေ့နှင့် ပတ်သက်၍ ရာသီဥတုနှင့် ပိုးမွှားဒဏ်ကိုခံနိုင်သော အရည်အသွေးမြင့် ဝါမျိုးစေ့များကို တင်သွင်းနိုင်ရေး၊ ဝါစိုက်ပျိုးရေးအတွက် အိန္ဒိယနိုင်ငံမှ နည်းပညာအကူအညီ ပေးနိုင်ရေး၊ IFBIC မှ ကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံသို့ ကွင်းဆင်းလာရောက်၍ အကူအညီပေးနိုင်မည့် နည်းလမ်းများ သုတေသနပြုရှာဖွေ ဆောင်ရွက်ပေးရေး၊ တောင်သူများ လက်လှမ်းမီသည့် ဈေးနှုန်းသက်သာသော ဝါမျိုးစေ့များ တင်သွင်းနိုင်ရေး၊ မြန်မာနိုင်ငံမှ ဝယ်ယူလိုသော ဝါမျိုးစေ့အမည်၊ စိုက်ပျိုးမည့်ဧကများကို ပံ့ပိုးပေးနိုင်ရေးတို့အပြင် အိန္ဒိယနိုင်ငံ၊ IFBIC မှ မြန်မာနိုင်ငံတွင် ဝါလာရောက်စိုက်ပျိုးပါက မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေးတို့ကို ပံ့ပိုးကူညီဖို့ အသင့်ရှိကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ထို့အတူ ဥဇဘက်ကစ္စတန်နိုင်ငံအနေဖြင့်လည်း အရည်အသွေးမြှင့် ဝါမျိုးကောင်းမျိုးသန့်များ တင်သွင်းလိုကြောင်း ဆွေးနွေးခဲ့ရာ ဥဇဘက်ကစ္စတန်နိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ နိုင်ငံ၏ ဝါမျိုးကောင်းမျိုးသန့်များ တင်ပို့နိုင်ရေး ပံ့ပိုးကူညီပေးဖို့ အသင့်ရှိကြောင်းလည်း ပြန်လည် အကြောင်း ကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ထောပတ်သီးများ၏ အရည်အသွေးနှင့် ထုတ်လုပ်နိုင်မှုပမာဏကို အိန္ဒိယဘက်သို့ ပံ့ပိုးပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့်ထောပတ်သီးထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းများတွင် PPP စနစ်ဖြင့် ရင်းနှီးမြှုပ်နှံ မှုများပြုလုပ်နိုင်ရေးတို့ကို မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

Zawgyi Version:
အိႏၵိယႏွင့္ ဥဇဘက္ကစၥတန္ ႏိုင္ငံတို႔မွ ဝါႏွင့္ေထာပတ္သီး ထုတ္လုပ္ေရးပူးေပါင္းေဆာင္႐ြက္ရန္ ကမ္းလွမ္း
NP News - ဩဂုတ္ ၁၅
ျမန္မာႏိုင္ငံသို႔ အရည္အေသြးျမင့္ဝါမ်ိဳးေစ့ တင္သြင္းရန္က႑ႏွင့္ တန္ဖိုးျမႇင့္ေထာပတ္သီး ထုတ္လုပ္မႈက႑ စသည့္ က႑ ၂ ခုတို႔တြင္ ပူးေပါင္းေဆာင္႐ြက္ရန္ အိႏၵိယႏွင့္ ဥဇဘက္ကစၥတန္ ႏိုင္ငံတို႔မွ ကမ္းလွမ္းထားေၾကာင္း ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွ သိရသည္။
အိႏၵိယႏိုင္ငံ Gujarat ျပည္နယ္၊ Rajkot ၿမိဳ႕အေျခစိုက္ OOO Farm ကိုယ္စား International Federation of Business Intellectuals and Changemakers(IFBIC) မွ ဝါမ်ိဳးေစ့ႏွင့္ ပတ္သက္၍ ရာသီဥတုႏွင့္ ပိုးမႊားဒဏ္ကိုခံႏိုင္ေသာ အရည္အေသြးျမင့္ ဝါမ်ိဳးေစ့မ်ားကို တင္သြင္းႏိုင္ေရး၊ ဝါစိုက္ပ်ိဳးေရးအတြက္ အိႏၵိယႏိုင္ငံမွ နည္းပညာအကူအညီ ေပးႏိုင္ေရး၊ IFBIC မွ ကြၽမ္းက်င္ပညာရွင္မ်ား ျမန္မာႏိုင္ငံသို႔ ကြင္းဆင္းလာေရာက္၍ အကူအညီေပးႏိုင္မည့္ နည္းလမ္းမ်ား သုေတသနျပဳရွာေဖြ ေဆာင္႐ြက္ေပးေရး၊ ေတာင္သူမ်ား လက္လွမ္းမီသည့္ ေဈးႏႈန္းသက္သာေသာ ဝါမ်ိဳးေစ့မ်ား တင္သြင္းႏိုင္ေရး၊ ျမန္မာႏိုင္ငံမွ ဝယ္ယူလိုေသာ ဝါမ်ိဳးေစ့အမည္၊ စိုက္ပ်ိဳးမည့္ဧကမ်ားကို ပံ့ပိုးေပးႏိုင္ေရးတို႔အျပင္ အိႏၵိယႏိုင္ငံ၊ IFBIC မွ ျမန္မာႏိုင္ငံတြင္ ဝါလာေရာက္စိုက္ပ်ိဳးပါက ျမန္မာႏိုင္ငံဝါႏွင့္ ဝါထြက္ပစၥည္း လုပ္ငန္းရွင္မ်ားအသင္းမွ လိုအပ္သည္မ်ားကို ကူညီေဆာင္႐ြက္ေပးေရးတို႔ကို ပံ့ပိုးကူညီဖို႔ အသင့္ရွိေၾကာင္း ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကား သည္။
ထို႔အတူ ဥဇဘက္ကစၥတန္ႏိုင္ငံအေနျဖင့္လည္း အရည္အေသြးျမႇင့္ ဝါမ်ိဳးေကာင္းမ်ိဳးသန႔္မ်ား တင္သြင္းလိုေၾကာင္း ေဆြးေႏြးခဲ့ရာ ဥဇဘက္ကစၥတန္ႏိုင္ငံ စိုက္ပ်ိဳးေရး ဝန္ႀကီးဌာနမွ ႏိုင္ငံ၏ ဝါမ်ိဳးေကာင္းမ်ိဳးသန႔္မ်ား တင္ပို႔ႏိုင္ေရး ပံ့ပိုးကူညီေပးဖို႔ အသင့္ရွိေၾကာင္းလည္း ျပန္လည္ အေၾကာင္း ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဆက္လက္ၿပီး ျမန္မာႏိုင္ငံမွ ထုတ္လုပ္သည့္ ေထာပတ္သီးမ်ား၏ အရည္အေသြးႏွင့္ ထုတ္လုပ္ႏိုင္မႈပမာဏကို အိႏၵိယဘက္သို႔ ပံ့ပိုးေပးႏိုင္ေရး၊ အိႏၵိယႏိုင္ငံမွ ျမန္မာႏိုင္ငံတြင္ တန္ဖိုးျမႇင့္ေထာပတ္သီးထုတ္ကုန္မ်ား ထုတ္လုပ္သည့္ လုပ္ငန္းမ်ားတြင္ PPP စနစ္ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံ မႈမ်ားျပဳလုပ္ႏိုင္ေရးတို႔ကို ျမန္မာႏိုင္ငံ ေထာပတ္သီး စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ ကမ္းလွမ္းခဲ့ေၾကာင္းသိရသည္။