EV Bus များမှာ တန်ဖိုးကြီးမားသည့်အတွက် အစိုးရ ပံ့ပိုးမှသာလျှင် ရန်ကုန်မြို့တွင်း ပြေးဆွဲနိုင်မည်

3532

စော (NP News) - ဇန်နဝါရီ ၃
EV Bus များမှာ တန်ဖိုးကြီးမားသည့်အတွက် အစိုးရ ပံ့ပိုးမှသာလျှင် ရန်ကုန်မြို့တွင်း ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ယာဉ်လိုင်းများနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော Bus ကားများမှာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်သည့်အတွက် အလုံစုံ ပြင်ဆင်ခြင်း (သို့မဟုတ်) အစားထိုးခြင်းများ ပြုလုပ်ရန် လိုအပ်နေခြင်းဖြစ်ကာ လက်ရှိ ကားအပိုပစ္စည်း ပြတ်လပ် နေသည့်အတွက် ပြင်ဆင်ရန် လိုအပ်သောကြောင့် ရပ်နားထားရသည့် Bus ကားများလည်း ရှိနေကြောင်း သိရသည်။
အများပြည်သူ သယ်ယူပို့ဆောင်ရေး EV Bus များ မရှိသေးသော်လည်း EV Taxi များ နှင့် EV အဝေးပြေးကား အချို့ မှာ ရောက်ရှိ မောင်းနှင်၊ ပြေးဆွဲခြင်းများ ရှိနေသည်။
“အစိုးရပံ့ပိုးမှု ပါရင်တော့ ရနိုင်တယ်။ ပုဂ္ဂလိက ချည်းပဲဆို မလွယ်လောက်ဘူး။ အစိုးရပံ့ပိုးမှုရရင်တော့ လွယ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက ကားတန်ဖိုးတအားကြီးတယ်။ ကားတန်ဖိုးက ဒေါ်လာ တစ်သိန်းခြောက်သောင်း ဝန်းကျင်ရှိတော့ ကားတစ်စီး တန်ဖိုးက သိန်းလေးထောင်ကြားကနေ ခြောက်ထောင်ကြားလောက်ထွက်မယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှုဆိုရင် ကားတစ်စီးအရင်းကျေဖို့ဆိုတာက ဆယ်နှစ်နဲ့မကြေဘူး။ အဲဒီအခက်အခဲရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် နေ့စဉ်ကုန်ကျစားရိတ်များဖြစ်သော YBS ယာဉ်တစ်စီးသည် Gas ဖြည့်ရန်အတွက် တစ်ရက်လျှင် သုံးသောင်း မှ သုံးသောင်းခွဲ ကျသင့်ပြီး EV ကား အားသွင်းရန် လက်ရှိမီတာဈေးနှုန်းကြောင့် တစ်သိန်းဝန်းကျင် ကုန်ကျနိုင်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့တွင် ပြေးဆွဲနေသော YBS ယာဉ်အချို့မှာ တစ်ပတ်ရစ်ကားများဖြစ်၍ ထုတ်လုပ်သည့် ခုနှစ်နှင့် တွက်ဆ ပါက သက်တမ်းကြာမြင့်လာပြီး အိုဟောင်းလာသည့်အတွက် ကားပြတ်မှုများကို စီးနင်းသူများအနေဖြင့် နေ့စဉ်နှင့် အမျှ ကြုံတွေ့လာကြရကြောင်း သိရသည်။
“မော်တော်ကားတွေက သက်တမ်းကြာလာတယ်။ နောက်တစ်ခု အပိုပစ္စည်းရဖို့မလွယ်တော့ဘူး Model တွေက မြင့်သွားပြီဆိုတော့ အဟောင်းတွေမထုတ်တော့ဘူး။ အပိုပစ္စည်းတွေကလည်း ရဖို့မလွယ်တော့ဘူး။ ကားတွေက ကြံ့ခိုင်မှုပိုင်း၊ ပြုပြင်ထိန်းသိမ်းရတာမလွယ်တော့ဘူး။ အဓိက သက်တမ်းကြာလာတဲ့သဘောပဲ ကားဟောင်းတွေ များလာတာ။ များလာတော့ ကားတွေခဏခဏပြတ်တော့ စီးတဲ့လူတွေလည်း အခက်အခဲဖြစ်တယ်။ ယာဉ်လိုင်း တွေကလည်း သူတို့တတ်နိုင်သမျှ ကြိုးစားပြီးတော့ ပြင်နေကြတယ်။ သို့သော်လည်းပဲ ကားဟောင်းနဲ့ ကားသစ်တူမှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့၌ ပြေးဆွဲရန်အတွက် တရားဝင် မှတ်ပုံတင်ထားသော YBS အစီးရေ (၅၀ဝဝ)ကျော်ရှိသော်လည်း နေ့စဉ်ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းပေါင်း (၁၃၁) လိုင်း ယာဉ်အစီးရေမှာ (၃၅၀ဝ)ကျော် ခန့်သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ စာရင်းများအရ သိရသည်။

Zawgyi Version:
EV Bus မ်ားမွာ တန္ဖိုးႀကီးမားသည့္အတြက္ အစိုးရ ပံ့ပိုးမွသာလွ်င္ ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲႏိုင္မည္
ေစာ (NP News) - ဇန္နဝါရီ ၃
EV Bus မ်ားမွာ တန္ဖိုးႀကီးမားသည့္အတြက္ အစိုးရ ပံ့ပိုးမွသာလွ်င္ ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲႏိုင္မည္ျဖစ္ေၾကာင္း ယာဥ္လိုင္းမ်ားႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိ ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနေသာ Bus ကားမ်ားမွာ ႏွစ္ကာလ ၾကာျမင့္ေနၿပီျဖစ္သည့္အတြက္ အလုံစုံ ျပင္ဆင္ျခင္း (သို႔မဟုတ္) အစားထိုးျခင္းမ်ား ျပဳလုပ္ရန္ လိုအပ္ေနျခင္းျဖစ္ကာ လက္ရွိ ကားအပိုပစၥည္း ျပတ္လပ္ ေနသည့္အတြက္ ျပင္ဆင္ရန္ လိုအပ္ေသာေၾကာင့္ ရပ္နားထားရသည့္ Bus ကားမ်ားလည္း ရွိေနေၾကာင္း သိရသည္။
အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး EV Bus မ်ား မရွိေသးေသာ္လည္း EV Taxi မ်ား ႏွင့္ EV အေဝးေျပးကား အခ်ိဳ႕ မွာ ေရာက္ရွိ ေမာင္းႏွင္၊ ေျပးဆြဲျခင္းမ်ား ရွိေနသည္။
“အစိုးရပံ့ပိုးမႈ ပါရင္ေတာ့ ရႏိုင္တယ္။ ပုဂၢလိက ခ်ည္းပဲဆို မလြယ္ေလာက္ဘူး။ အစိုးရပံ့ပိုးမႈရရင္ေတာ့ လြယ္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဓိက ကားတန္ဖိုးတအားႀကီးတယ္။ ကားတန္ဖိုးက ေဒၚလာ တစ္သိန္းေျခာက္ေသာင္း ဝန္းက်င္ရွိေတာ့ ကားတစ္စီး တန္ဖိုးက သိန္းေလးေထာင္ၾကားကေန ေျခာက္ေထာင္ၾကားေလာက္ထြက္မယ္။ အဲဒီ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုရင္ ကားတစ္စီးအရင္းေက်ဖို႔ဆိုတာက ဆယ္ႏွစ္နဲ႔မေၾကဘူး။ အဲဒီအခက္အခဲရွိတယ္” ဟု ၎က ေျပာသည္။
ထို႔ျပင္ ေန႔စဥ္ကုန္က်စားရိတ္မ်ားျဖစ္ေသာ YBS ယာဥ္တစ္စီးသည္ Gas ျဖည့္ရန္အတြက္ တစ္ရက္လွ်င္ သုံးေသာင္း မွ သုံးေသာင္းခြဲ က်သင့္ၿပီး EV ကား အားသြင္းရန္ လက္ရွိမီတာေဈးႏႈန္းေၾကာင့္ တစ္သိန္းဝန္းက်င္ ကုန္က်ႏိုင္ေၾကာင္း ၎က ဆိုသည္။
ရန္ကုန္ၿမိဳ႕တြင္ ေျပးဆြဲေနေသာ YBS ယာဥ္အခ်ိဳ႕မွာ တစ္ပတ္ရစ္ကားမ်ားျဖစ္၍ ထုတ္လုပ္သည့္ ခုႏွစ္ႏွင့္ တြက္ဆ ပါက သက္တမ္းၾကာျမင့္လာၿပီး အိုေဟာင္းလာသည့္အတြက္ ကားျပတ္မႈမ်ားကို စီးနင္းသူမ်ားအေနျဖင့္ ေန႔စဥ္ႏွင့္ အမွ် ႀကဳံေတြ႕လာၾကရေၾကာင္း သိရသည္။
“ေမာ္ေတာ္ကားေတြက သက္တမ္းၾကာလာတယ္။ ေနာက္တစ္ခု အပိုပစၥည္းရဖို႔မလြယ္ေတာ့ဘူး Model ေတြက ျမင့္သြားၿပီဆိုေတာ့ အေဟာင္းေတြမထုတ္ေတာ့ဘူး။ အပိုပစၥည္းေတြကလည္း ရဖို႔မလြယ္ေတာ့ဘူး။ ကားေတြက ႀကံ့ခိုင္မႈပိုင္း၊ ျပဳျပင္ထိန္းသိမ္းရတာမလြယ္ေတာ့ဘူး။ အဓိက သက္တမ္းၾကာလာတဲ့သေဘာပဲ ကားေဟာင္းေတြ မ်ားလာတာ။ မ်ားလာေတာ့ ကားေတြခဏခဏျပတ္ေတာ့ စီးတဲ့လူေတြလည္း အခက္အခဲျဖစ္တယ္။ ယာဥ္လိုင္း ေတြကလည္း သူတို႔တတ္ႏိုင္သမွ် ႀကိဳးစားၿပီးေတာ့ ျပင္ေနၾကတယ္။ သို႔ေသာ္လည္းပဲ ကားေဟာင္းနဲ႔ ကားသစ္တူမွာ မဟုတ္ဘူး” ဟု ၎က ဆက္လက္ေျပာသည္။
ရန္ကုန္ၿမိဳ႕၌ ေျပးဆြဲရန္အတြက္ တရားဝင္ မွတ္ပုံတင္ထားေသာ YBS အစီးေရ (၅၀ဝဝ)ေက်ာ္ရွိေသာ္လည္း ေန႔စဥ္ေျပးဆြဲေနသည့္ YBS ယာဥ္လိုင္းေပါင္း (၁၃၁) လိုင္း ယာဥ္အစီးေရမွာ (၃၅၀ဝ)ေက်ာ္ ခန႔္သာရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC) ၏ စာရင္းမ်ားအရ သိရသည္။