ဒဂုံမြို့သစ်(အရှေ့ပိုင်း)အုပ်ချုပ်ရေးမှူးအား လုပ်ကြံမှုတွင် ပါဝင်သူနှင့် ဒဂုံမြို့သစ်မြို့နယ်များအတွင်း ဖောက်ခွဲရေးပြုလုပ်နေသူများအား ဖောက်ခွဲရေးသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 2665

ရဲပြည့် (NP News) - ဩဂုတ် ၂၅
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး အား ပစ်ခတ်သတ်ဖြတ်ခဲ့မှုတွင် ပါဝင်သူနှင့် ဒဂုံမြို့သစ် မြို့နယ်ခွဲများဖြစ်သော အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းမြို့နယ်များအတွင်း၌ မိုင်းထောင် ဖောက်ခွဲရေးများ ပြုလုပ်နေသူ တရားခံများကို လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မိုင်းထောင်ဖောက်ခွဲမှုများလုပ်ကိုင်ခဲ့သူများကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၉) ရပ်ကွက် ရှိ “ကိုကိုညီညီ”ငါးကင်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးဘက်မှ သြဂုတ်လ(၂၄) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒဂုံမြို့သစ်မြို့နယ်များအတွင်း ဖောက်ခွဲရေးလုပ်ငန်းများကို နေလင်း၊ ထက်အောင်ခန့်၊ အာကာအောင် Lion ၊ NUG အဖွဲ့ဝင် ချစ်ထွေး(ခ) အီသန် တို့သည် မိုင်ထောင်ဖောက်ခွဲရေးလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်နေကြ ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ သို့သော် နေလင်း၊ ထက်အောင်ခန့်၊ အာကာအောင် တို့ကိုသာ ဖမ်းဆီးရမိခဲ့ပြီး၊ Lion ဆိုသူနှင့် NUG အဖွဲ့ဝင် ချစ်ထွေး(ခ) အီသန် တို့သည် လွတ်မြောက်နေသေးကြောင်း သိရသည်။
ယင်းတို့အဖွဲ့သည် ဇွန်လ ၂၇ ရက်နေ့ကဖြစ်ပွားခဲ့သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ (၂) ရပ်ကွက်၊ အုပ်ချုပ် ရေးမှူးအား ပစ်ခတ်သတ်ဖြတ်သူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း) အုပ်ချုပ် ရေးမှူးအား လုပ်ကြံရန်စီစဉ်ရာတွင် ပစ်သတ်ခဲ့သူ Lion ဆိုသူသည် NUG အဖွဲ့ဝင် ချစ်ထွေး(ခ) အီသန် ထံကနေ သေနတ် ရယူခဲ့ခြင်းဖြစ်ပြီး Lion နှင့် ထက်အောင်ခန့်ဆိုသူတို့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးရမိထား သည့် ထက်အောင်ခန့်၏ ထွက်ဆိုချက်အရ သိရသည်။

လူသတ်မှုနှင့် ဖောက်ခွဲမှုများတွင် ပါဝင်လှုပ်ရှားခဲ့သည့် ထက်အောင်ခန့်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၇)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အာကာအောင်ကို (၃၅)ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာ အထက် တန်းကျောင်းအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူ နေလင်း၏ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၈) ရပ်ကွက်၊ တိုက် (၁၂၆) သို့ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ် Air Gun (၈) လက်၊ လက်လုပ်မိုင်းမျိုးစုံ (၅၂) လုံး၊ မီးခိုးဗုံး (၄၆) လုံး၊ လက်လုပ်ပဒေသာမိုင်း (၁၁) လုံးပါ (၁) တွဲနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင်အသုံးပြုသော အခြားဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် (တောင်ပိုင်း) မြို့နယ်များအတွင်း ဖောက်ခွဲမှု(၅) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ ဇွန်လ ၁၉ ရက်နေ့တွင် (၄၇)ရပ်ကွက်ရှိ နေအိမ်တစ်လုံးရှေ့ ခြံစည်းရိုးတွင် လက်လုပ်ဗုံး (၁) လုံး အားလည်းကောင်း၊ ဇူလိုင်လ ၆ ရက်တွင် (၄ဝ) ရပ်ကွက်၊ ဘုရင့်နောင်လ မ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ အမှိုက်ပုံးအတွင်း လက်လုပ်ချိန်ကိုက်ဗုံး (၁) လုံး အား လည်းကောင်း၊ ဇူလိုင်လ ၁၆ ရက်တွင် (၃၇) ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် လက်လုပ်ဗုံး (၁) လုံး အားလည်းကောင်း၊ ဩဂုတ်လ ၅ ရက်တွင် (၃၅) ရပ်ကွက်ရှိ “မြိုင်မဟာ”လ္ဘက်ရည်ဆိုင်တွင် လက်လုပ်ဗုံး (၁) လုံး အားလည်းကောင်း၊ ဩဂုတ်လ ၈ ရက်တွင် (၅၅) ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဧရာဝဏ်လမ်းထောင့်၌ ဆိုင်ကယ်တူးဘောက်အတွင်း လက်လုပ်ဗုံး (၁) လုံးအား တပ်ဆင်၍လည်းကောင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့ ကြကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဖမ်းဆီးရမိထားသည့် တရားခံ နေလင်း၊ ထက်အောင်ခန့်၊ အာကာအောင် တို့ကို ဥပဒေနှင့်အညီ အမှုဖွင့်တရားစွဲဆိုသွားမည်ဖြစ်ပြီး လူသတ်မှုကျူးလွန်ခဲ့သည့် Lion ၊ ပူးပေါင်းပါဝင်ခဲ့သူ NUG အဖွဲ့ဝင် ချစ်ထွေး(ခ) အီသန် နှင့် အခြားဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.