တူမီးသေနတ်ကိုင်ထားသည့်အမျိုးသား(၇)ဦးက သာမန်ပြည်သူ သားအမိနှစ်ဦးကို ဓါးဖြင့်ထိုးပြီး လက်ဝတ်ရတနာများ လုယူသွားမှု ကလေးမြို့၌ ဖြစ်ပွား

2411

Iris (NP News) - သြဂုတ် ၂၅
တူမီးသေနတ်ကိုင်ဆောင်ထားသော အကြမ်းဖက်သမား(၇)ဦးက ကလေးမြို့ရှိ ရပ်ကွက်တစ်ခုမှ သာမန်အရပ်သားပြည်သူတစ်ဦး၏ အိမ်ကို ချိုးဖျက်ဝင်ရောက်ပြီး အိပ်ပျော်နေသည့်သားအမိနှစ်ဦးအား ဓါးဖြင့်ထိုးကာ လက်ဝတ်လက်စားများကိုယူဆောင်သွားသည့်ဖြစ်စဉ် သြဂုတ်လ(၂၄)ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အခင်းဖြစ်စဉ်အရ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်နေ ဦးကံမြင့်ဆိုသူက မိသားစုနှင့်အတူ နေအိမ်၌ ရှိနေစဉ်အတွင်း အိမ်ရှေ့ခြံဝင်းတံခါးအပြင်ဘက်မှနေ၍ အမည်မသိ အမျိုးသား(၇)ဦးခန့်က ခြံဝင်းတံခါးကို ဖွင့်ပေးရန် အောက်ဟစ်နေရင်းမှ ခြံဝင်းတံခါးကို ချိုးဖျက်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညပိုင်းလည်းဖြစ်နေသည့်အတွက် ဦးကံမြင့်က သားဖြစ်သူ အောင်ချမ်းငြိမ်းနှင့်အတူ သွားရောက်ကြည့်ရှုချိန်တွင် အဆိုပါအမျိုးသား(၇)ဦး၌ တူမီးသေနတ်များကို တွေ့ရှိရသဖြင့် ဆက်လက်စောင့်ကြည့်နေစဉ် အဆိုပါ(၇)ဦးက ခြံဝင်းတံခါးကို ကျော်တက်ဝင်ရောက်၍ နေအိမ်တံခါးကိုပါ ဖျက်နေသည်ကို မြင်ခဲ့ရကြောင်း ဆိုသည်။ ယင်းဖြစ်စဉ်ကို မြင်လိုက်ရသည့်အတွက် ဦးကံမြင့်က သားဖြစ်သူကို ခေါ်ဆောင်ကာ နေအိမ်အတွင်း၌ အိပ်ပျော်နေသော သားတစ်ဦးနှင့် ဇနီးကို မနှိုးတော့ဘဲ နောက်ဖေးဘက်သို့ တိမ်ရှောင်သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ထွက်ဆိုထားသည်။ တူမီးသေနတ်ကိုင်ဆောင်ထားသော အဆိုပါအမျိုးသားအုပ်စုက နေအိမ်တံခါးကို ဖျက်ဆီးဝင်ရောက်ခဲ့ပြီးနောက် ဧည့်ခန်း၌ အိပ်ပျော်နေသော ဦးကံမြင့်၏ သားတစ်ဦးဖြစ်သူ အသက်(၁၈)နှစ်အရွယ် ကျော်ခိုင်ဝင်းကိုလည်းကောင်း၊ အခန်းတွင်း၌ အိပ်ပျော်နေသော ဒေါ်မြမြသန်း(ဦးကံမြင့်၏ဇနီး)ကိုလည်းကောင်း အသင့်ပါလာသော ဓါးဖြင့် ထိုးခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဓါးဖြင့်ထိုးသည့်အပြင် ခြိမ်းခြောက်ပြောဆိုကာ ဒေါ်မြမြသန်း ဝတ်ဆင်ထားသော ရွေလက်ကောက်ငါးကွင်းကို အဓမ္မဆွဲချွတ်ယူသွားခဲ့ကြောင်းလည်း သိရသည်။ ယင်းနောက်တွင် အဆိုပါအကြမ်းဖက်သမားများက နေအိမ်အတွင်းမှ ခပ်မြန်မြန်ထွက်ခွာသွားကြောင်းလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါဖြစ်ရပ်ကြောင့် မောင်ကျော်ခိုင်ဝင်းတွင် လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင်လည်းကောင်း၊ ဒေါ်မြမြသန်းတွင် ဝမ်းဗိုက်၌လည်းကောင်း ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ပြီး စစ်ဘက်ဆိုင်ရာဆေးရုံသို့ ယာယီပို့ဆောင်ကုသပေးမှုများ လုပ်ဆောင်ထားရကြောင်း သိရသည်။ အကြမ်းဖက်မှုလုပ်ဆောင်သွားခဲ့သူများကိုလည်း ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။