ခင်ပွန်းဖြစ်သူ ကွယ်လွန်တာတစ်လပြည့်အလှူပြီးတာနဲ့ မိခင်ကိုသဂြိုဟ်ဖို့အပြေးသွားခဲ့ရတဲ့ လူရွှင်တော်မေတ္တာ၏ဇနီးဖြစ်သူရဲ့ ရင်နင့်ဖွယ်အဖြစ်

1443

အိဖြူ(NP News) - စက်တင်ဘာ ၂
လူရွှင်တော်၊ သရုပ်ဆောင် ဦးမေတ္တာ ကွယ်လွန်တာ တစ်လပြည့်ဖို့တစ်ရက်အလို စက်တင်ဘာလ (၁) ရက် ညပိုင်းမှာပဲ ဦးမေတ္တာရဲ့ဇနီးဖြစ်သူ ဒေါ်လွင်မီမီကိုက သားနဲ့သမီးရဲ့အဖွားဖြစ်သူ၊ သူမရဲ့မိခင်ကို ထပ်မံဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။
ကျန်ရစ်သူမိသားစုဝင်တွေဟာ ဒီနေ့ စက်တင်ဘာလ (၂) ရက်၊ နံနက်ပိုင်းမှာတော့ ကွယ်လွန်သူ ခင်ပွန်းဖြစ်သူ ဦးမေတ္တာအတွက် ရည်စူးပြီး၊ ဘုန်းကြီးဆွမ်းကပ်၊ တရားနာ၊ ရေစက်ချ၊ အမျှဝေ အလှူပြီးတာနဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အ လောင်းကိုသဂြိုဟ်ဖို့ ပဲခူးမြို့ကို အပြေးသွားခဲ့ရတယ်လို့ သိရပါတယ်။
“ဦးမေတ္တာကို မေမေ့သားအကြီးဆုံးဆိုပြီး ချစ်လည်းချစ်၊ အားလည်းအားကိုးတဲ့မေမေ အခုတော့ မေမေချစ်တဲ့ သားကြီးနောက်ကို လိုက်သွားပြီပေါ့နော်။ သမီးသိပ်ချစ်တဲ့ဦးနဲ့ သိပ်ချစ်တဲ့မေမေ၊ နှစ်ယောက်လုံးကို (၁) လသာ ခြားပြီး ခေါ်ဆောင်သွားလို့ ရင်တွေကွဲလှပါပြီ။ မေမေဆုံးလို့ ကိုယ့်ကိုအားပေးနှစ်သိမ့်ပေးမယ့်ဦးကလည်း အနားမှာ မရှိတော့ဘူးဆိုတော့ သမီး ဘယ်လိုဖြေရပါ့မလဲ။ ရှေ့ဆက်ရမယ့်အနာဂတ်အတွက် သားနဲ့သမီးအတွက် အားတင်းထားပေမယ့် အခုတော့ အားပြန်လျော့သွားပြန်ပြီ။ ကံကြမ္မာရယ် တော်ပါတော့ မရက်စက်ပါနဲ့တော့ မခံစားနိုင်တော့လို့ပါ " လို့ ဦးမေတ္တာရဲ့ဇနီးဖြစ်သူ ဒေါ်လွင်မီမီကို က သူမရဲ့ရင်းတွင်းခံစားချက်တွေကို ထုတ်ဖော်ပြောပြခဲ့တာဖြစ်ပါတယ်။
မေတ္တာမြင့်မြတ်ဟိန်းက သူတို့ရဲ့အဖွားကွယ်လွန်မှုအပေါ်စိတ်မကောင်းဖြစ်ရတဲ့အပြင် ဖခင်ကွယ်လွန်တာ တစ်လပြည့်နေ့မှာပဲ အဖွားဖြစ်သူကို ထပ်မံသဂြိုဟ်ရမှာဖြစ်တဲ့အတွက် မိခင်အတွက် အတော်လေးကို စိတ်ပူနေတယ်လို့ သိရပါတယ်။
“ကံကြမ္မာကြီးရယ် တစ်ယောက်ဆို တော်ပြီပေါ့ဗျာ။ ကျွန်တော်တို့ အားလေးတင်းပြီးရှေ့ဆက်ဖို့ အမေနဲ့ ညီမလေးက အထိုင်လေးကျရုံရှိသေးတယ်။ အဖွားထပ်ဆုံးတော့ အမေ့ကို ကျွန်တော်ဘယ်လိုနှစ်သိမ့်ရပါ့မလဲ။ အမေ့ ကို မျက်ရည်တွေ မကျစေချင်တော့ဘူးဗျာ။ အမေ အရမ်းပင်ပန်းနေပြီ” လို့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်း ရေးသားဖော်ပြခဲ့ပါတယ်။
လူရွှင်တော်၊ သရုပ်ဆောင် ဦးမေတ္တာဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၂) ရက်၊ နေ့လည် (၁၂) နာရီအချိန်က ကိုဗစ်ရောဂါနဲ့ နေအိမ်မှာတင် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
#NPNews