ကိုဗစ်ကာကွယ်ဆေး သန်း(၅၀၀)ကို လာမယ့်နှစ်ကနေစတင်ပြီး ကမ္ဘာတစ်လွှားကို လှူဒါန်းမယ်လို့ သမ္မတဘိုင်ဒန်ကြေညာ

 722

မိုးတိမ် (NP News) - စက်တင်ဘာ ၂၄
အမေရိကန်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်ကိုတိုက်ဖျက်ဖို့အတွက် ကာကွယ်ဆေးပေါင်းသန်း(၅၀၀)ကို လာမယ့်နှစ်ကနေစတင်ပြီး ကမ္ဘာ့ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေဆီကို ပေးပို့လှူဒါန်းသွားမှာဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်ကပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂညီလာခံမိန့်ခွန်းကနေတစ်ဆင့် တစ်ကမ္ဘာလုံးကို အတည်ပြုကြေညာလိုက်တာဖြစ်ပြီး ကာကွယ်ဆေးတွေကို ၂၀၂၂ ခုနှစ်ကနေ စတင်ပေးအပ်လှူဒါန်းမှာဖြစ်တယ်လို့ ဆိုလိုက်တာပါ။ ကမ္ဘာတစ်လွှားမှာတော့ ကိုဗစ်ကာကွယ်ဆေးလိုအပ်ချက်ဟာ အထူးမြင့်မားနေတာဖြစ်သလို အမေရိကန်နိုင်ငံအနေနဲ့ကလည်း နိုင်ငံသားတွေကို လုံလောက်တဲ့အထိကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဆောင်နေရဆဲဖြစ်နေတာကြောင့် လှူဒါန်းမှုအခြေအနေဟာ နှေးကွေးနေခဲ့တာမျိုးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

“ ကျွန်တော်တို့အနေနဲ့ ကပ်ရောဂါကို အနိုင်တိုက်ဖို့လိုတယ်ဆိုတာကို နားလည်သလို ဒါဟာ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို အနိုင်ရဖို့လိုအပ်နေတာပါ။ အမေရိကန်ဟာ ကာကွယ်ဆေးတွေအတွက် အဓိကထုတ်လုပ်ပေးတဲ့နေရာကြီး ဖြစ်ရမယ်။ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဒီမိုကရေစီကို အဓိကထုတ်လုပ်ဖြန့်ချိသူ ဖြစ်ရမယ်လို့ ကျွန်တော် ကတိပြုပါတယ် ” လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

အမေရိကန်အနေနဲ့ ကာကွယ်ဆေးပေါင်းသန်း(၅၀၀)ကို ၂၀၂၂ ခုနှစ်ကနေစတင်ပြီး ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတိုက်ဖျက်ရေးအစီအစဉ်အောက်ကနေ လှူဒါန်းသွားမှာဖြစ်သလို နွမ်းပါးတဲ့နိုင်ငံတွေ၊ ဝင်ငွေအလယ်အလတ်အဆင့်ရှိတဲ့နိုင်ငံတွေကို ဖြန့်ဝေစေမယ်လို့လည်း ဆိုပါတယ်။ ကာကွယ်ဆေးတွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေစတင်ပြီး စက်တင်ဘာအထိ သန်း(၈၀၀)ထက်မနည်းပို့ဆောင်သွားမှာဖြစ်သလို အမေရိကန်က တစ်ကမ္ဘာလုံးကို ကာကွယ်ဆေးပေါင်း (၁ ဒသမ ၁) ဘီလျံအထိ လှူဒါန်းမှုဖြစ်လာလိမ့်မယ်လို့လည်း ပြောပါတယ်။ လက်ရှိအချိန်အထိမှာတော့ ကာကွယ်ဆေးပေါင်းသန်း(၁၆၀)ကိုသာ နိုင်ငံပေါင်း(၁၀၀)အတွက် လှူဒါန်းထားနိုင်သေးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာကြီးက အထူးလိုအပ်နေတဲ့ အောက်ဆီဂျင်ကိစ္စအတွက်လည်း အမေရိကန်ဘက်က ဒေါ်လာ(၁)ဘီလျံတန်ကြေးရှိမယ့် အောက်ဆီဂျင်စီမံချက်တွေကို ကူညီပေးဖို့ စီစဉ်နေတယ်လို့လည်း သမ္မတဘိုင်ဒန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
#NPNews

Related news

© 2021. All rights reserved.