အီရန်စစ်တပ်က အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကို ပြတ်သားစွာတုံ့ပြန်မယ်လို့ ဆို

507

ဂျန်ဇက် (NP News) - ဇွန် ၂၄
အမေရိကန်ရဲ့တိုက်ခိုက်မှုများကြောင့် အီရန်နျူကလီးယားစက်ရုံများ ကြီးကြီးမားမား ပျက်စီးခဲ့တယ်လို့ အမေရိကန်သမ္မတ ထရမ့်က ပြောကြားပြီးနောက် အီရန်စစ်တပ်က အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကို ပြတ်ပြတ်သားသားတုံ့ပြန်မယ်လို့ ဆိုပါတယ်။
အီရန်ဟာ အဲဒီနျူကလီးယားစက်ရုံပျက်စီးဆုံးရှုံးမှုများအတွက် စစ်ဆေးရန်အတွက် ကုလသမဂ္ဂက တောင်းဆိုထားတယ်လို့ သိရပါတယ်။ အီရန်နဲ့အစ္စရေးနိုင်ငံကြားမှာ ဇွန်လ ၂၃ ရက်က အ ပြန်လှန် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အီရန်နိုင်ငံအပေါ် အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် တင်းမာမှုတွေဟာ အရှေ့အလယ်ပိုင်းဒေသကိုသာမက အခြားဒေသတွေကိုပါ သက်ရောက်မှုများဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုများနဲ့ဆက်နွယ်ပြီး ကမ္ဘာစီးပွားကို ကြီးမားတဲ့ သက်ရောက်မှုဖြစ်လာဖွယ်ရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။
အမေရိကန်စစ်တပ်ရဲ့တိုက်ခိုက်ခဲ့တဲ့ အီရန်နိုင်ငံရှိ ဖော်ဒိုး နျူကလီးယားစက်ရုံဟာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုမျိုးမဖြစ်ခဲ့ကြောင်း အီရန်လွှတ်တော်အမတ်က ပြောပါတယ်။ အမေရိကန်သမ္မတ ထရမ့်က အမေရိကန်ဟာ အီရန်နိုင်ငံရှိ ဖော်ဒိုး၊ နာတန်ဇ်နဲ့ အက်ဖာရမ် နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခဲ့ပြီးအဲဒီ စက်ရုံအားလုံး ပျက်စီးသွားခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ပါတယ်။
အီရန်အမတ်တစ်ဦးဖြစ်သူ ရိုင်စီက ‘’ အမေရိကန်သမ္မတ ဟာ လိမ်လည်စကား ပြောဆိုခဲ့တယ်။ ဖော်ဒိုး နျူကလီးယားစက်ရုံက ကြီးမားတဲ့ ပျက်စီးမှုမျိုးမဖြစ်ခဲ့ဘူး၊ ပျက်စီးသွားတဲ့အရာအားလုံးဟာ ပြန်လည်ပြုပြင်လို့ရပါတယ်။’’ လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အီရန်နိုငံက ဟော့မုဇ် ရေလက်ကြား ကိုပိတ်ပင်လိုက်မှာ စိုးရိမ်နေတဲ့အတွက်တရုတ်နိုင်ငံကို အီရန်နိုင်ငံက ဟောမုဇ် ရေလက်ကြား ပိတ်ပင်မှုမလုပ်အောင် တားဆီးပေးဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အဲဒီရေလက်ကြားဟာ ကမ္ဘာမှာ အဓိကအရေးကြီး ကုန်စည်သင်္ဘောဖြတ်သန်းရာလမ်းကြောင်းဖြစ်တယ်လို့ သိရပါတယ်။ အီရန်လွှတ်တော်ဟာ လက်ရှိအချိန်မှာ ရေလက်ကြားကိုပိတ်ပင်ဖို့ ခွင့်ပြုထားပေမယ့် အီရန်နိုင်ငံရဲ့အမြင့်ဆုံးလုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် မချသေးကြောင်း သိရပါတယ်။ တကယ်လို့ အဲဒီရေလက်ကြားကို အီရန်နိုင်ငံက ပိတ်ပင်ခဲ့မယ်ဆိုရင် ရေနံတင်ပို့မှုများ ကမောက်ကမဖြစ်လာနိုင်ဖွယ်ရှိနေပြီး ရေနံဈေးနှုန်းများ မြင့်တက်လာဖွယ်ရှိနေပါတယ်။
အီရန်နိုင်ငံအပေါ် အစ္စရေးနိုင်ငံ နဲ့ အမေရိကန်နိုင်ငံတို့တိုက်ခိုက်ခြင်းဟာ အခြေအမြစ်မရှိသလို တရားမျှတမှု မရှိကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားသမ္မတ ပူတင်ဟာ ဇွန်လ ၂၃ ရက်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နိုင်ငံရဲ့တိုက်ခိုက်မှုကိုရင်ဆိုင်ရပြီးနောက်
ပိုမိုတိကျ၊ ပိုမိုလေးနက်တဲ့ ဆွေးနွေးတိုင်ပင်မှုများ" အတွက် ရုရှားနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
အီရန်နိုင်ငံအပေါ်ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့ရဲ့တိုက်ခိုက်မှုတွေဟာ မနာလိုမှု၊ ရန်လိုမှုတွေကြောင့် ဖြစ်တဲ့ တိုက်ခိုက်မှုဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဝေဖန်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ ကန်ဆိုင်းလေဆိပ်မှာ နှစ်စဉ် မြေလွှာထဲ ကျွံကျမှု ဖြစ်နေ
ရောင်နီ(NP News)
ဂျပန်နိုင်ငံ၊ အိုဆာကာ ပင်လယ်အော်အနီးက ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြေပြိုမှု ပြဿနာနဲ့ ရင်ဆိုင်နေရပြီး နောက်ထပ်ပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ အရေးပေါ်အစီအမံတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကျွန်းကို ကုန်းမြေနဲ့ အခြေခံအဆောက်အအုံ အလေးချိန်ကို ခံနိုင်ဖို့ တန်ချိန်သန်း ပေါင်းများစွာရှိတဲ့ မြေကြီးနဲ့ ကျောက်တုံးတွေကို ပင်လယ်ထဲမြေဖို့ တည်ဆောက်ခဲ့တာဖြစ်ပေမယ့် လုံလောက်တဲ့ မြေသားကျစ်လျစ်မှု မရှိတာကြောင့် ကျွန်းဟာ အချိန်ကြာလာတာနဲ့အမျှ အခြေချနေထိုင်ဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။ ဒါအပြင် လေဆိပ်အောက်မြေလွှာမှာ ရွှံ့စေးနဲ့ အနည်အလွှာတွေ တဖြည်းဖြည်း နစ်မြုပ်နေတာ တွေ့ရတယ်လို့ သိရပါတယ်။ လေဆိပ်ရဲ့ အစီရင်ခံစာအရ လေဆိပ်ရဲ့ ပထမဆုံးကျွန်း မျက်နှာပြင်ဟာ ၁၉၉၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့တဲ့ အချိန်ကထက် ယခု ၃ ဒသမ ၈၄ မီတာ နိမ့်ပါးလာနေပြီး ဒုတိယကျွန်းကတော့ ဆောက်လုပ်ရေးစတင်ချိန်မှစ မြေမျက်နှာပြင် ၁၇.၄၇ မီတာ နစ်မြုပ်နေတယ်လို့ သိရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ (ဒေါ်လာ ၁၉၃ သန်း) ကျော် တန်ဖိုးရှိ ပင်လယ်တံတိုင်းတစ်ခုကို တည်ဆောက်ခဲ့ပေမယ့် အင်ဂျင်နီယာတွေကတော့ လာမယ့်နှစ် ၃၀ မှာ လေဆိပ်ရဲ့ အစိတ်အပိုင်းတွေ ပင်လယ်ရေမျက်နှာပြင်အောက် ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဂျပန်နိုင်ငံရှိ ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ၂၀၂၄ ခုနှစ်က ခရီးဆောင်အိတ်ပျောက်ဆုံးမှု မရှိတဲ့ ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး လေဆိပ်ရဲ့ ဗိသုကာဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ ဝန်ထမ်းတွေအတွက် နိုင်ငံတကာ ဂုဏ်ပြုဆုတွေ ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ ဒါအပြင် ကန်ဆိုင်းလေဆိပ်ဟာ အိုဆာကာ ပင်လယ်အော်ရှိ ကျွန်းတုပေါ်မှာ တည်ဆောက်ထားတဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာပရောဂျက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ လေဆိပ်မှာ ကျွန်းနှစ်ကျွန်းပါဝင်ပြီး တစ်ခုက ဟက်တာ ၁,၂၉၀၊ ကျန်တစ်ကျွန်းက ၂,၆၆၈ ဟက်တာ ကျယ်ဝန်းပါတယ်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၄ လက စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်း ခရီးစဉ်တွေကို ဝန်ဆောင်မှုပေးတဲ့ အရေးကြီး လေကြောင်းဗဟိုချက်လည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ခန့်မှန်းခြေ ခရီးသည် ၃၀.၆ သန်း ဝင်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံရှိ မြို့ ၉၁ မြို့ကို သယ်ယူပို့ဆောင်မှု ပြုလုပ်နေပါတယ်။
===========
BTS အဖွဲ့ဝင် SUGA က အော်တစ်ဇင်ကုသရေးစင်တာ တည်ထောင်ရေးအတွက် ဝမ် ၅ ဘီလီယံ လှူဒါန်း
ရောင်နီ(NP News)
တောင်ကိုရီးယား အမျိုးသား K pop အဖွဲ့ BTS အဖွဲ့ဝင် SUGA (အမည်ရင်း မင်ယွန်ဂီ) ဟာ အော်တစ်ဇင် - Autism spectrum disorder (ASD) ရှိတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို ထောက်ပံ့ရေးအတွက် Severance ဆေးရုံနဲ့ ပူးပေါင်းပြီး ဝမ် ၅ ဘီလီယံကို ဇွန်လ ၂၃ ရက်နေ့က လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ စင်တာနာမည်မှာ SUGA ရဲ့ နာမည်ရင်း မင်ယွန်ဂီ ပါဝင်ပြီး "Min Yoongi Treatment Center" လို့ အမည်ပေးထားပါတယ်။
ဒါဟာ တောင်ကိုရီးယားမှာ ဘယ်အနုပညာရှင်မှ မလုပ်ဖူးသေးတဲ့ လှူဒါန်းမှု ဖြစ်တယ်လို့ သိရပါတယ်။ စင်တာဟာ အော်တစ်ဇင် ကလေးတွေအတွက် ဘာသာစကား၊ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူဆိုင်ရာ ကုထုံးတွေကို အဓိကထား လုပ်ဆောင်မှာဖြစ်ပြီး စိတ်ကျန်းမာရေးကို အထောက်အကူပြုဖို့ ဆေးခန်းနဲ့ သုတေသနခန်းလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ SUGA ဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းတစ်လျှောက် ပရဟိတလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပြီး စိတ်ကျန်းမာရေးပြဿနာတွေ၊ အထူးသဖြင့် လူငယ်စိတ်ကျရောဂါဆိုင်ရာ ကုသမှုတွေအတွက် အဓိက လှူဒါန်းလေ့ ရှိပါတယ်။ ဒီလှူဒါန်းမှုအတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက SUGA ဟာ Severance ဆေးရုံမှာ ကလေးစိတ်ရောဂါ အထူးကု ပါမောက္ခ ချန်ဂမ်အာ နဲ့ တွေ့ဆုံခဲ့ပြီး ASD ရောဂါ ရှိသူတစ်ဉီးချင်းစီအတွက် ရေရှည်ကုသမှု နည်းလမ်းတွေကို ဆွေးနွေးခဲ့ကာ Severance သို့မဟုတ် Yonsei ဆေးဘက်ဆိုင်ရာဌာနကို ဝမ် ၅ ဘီလီယံ လှူဒါန်းဖို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၄ ခုနှစ် အစောပိုင်းအထိ အတွင်းကလည်း SUGA နဲ့ ပရော်ဖက်ဆာချန်ဟာ ASD ရှိ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် MIND လို့ခေါ်တဲ့ ဂီတအခြေခံလူမှုရေးစွမ်းရည် ပရိုဂရမ်တစ်ခုကို တီထွင်ဖန်တီးခဲ့ပါသေးတယ်။
==============
BLACKPINK က သီချင်းသစ်ကို The Deadline World Tour ကမ္ဘာလှည့် ဖျော်ဖြေပွဲမှာ စတင်သီဆိုမည်
ရောင်နီ(NP News)
တောင်ကိုရီးယား နာမည်ကျော် အမျိုးသမီး K pop အဖွဲ့၊ BLACKPINK ဟာ လာမယ့်ဇူလိုင်လမှာ စတင်ပြုလုပ်မယ့် အဖွဲ့ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ The Deadline World Tour မှာ သီချင်းအသစ်ကို စတင် မိတ်ဆက်သီဆိုမယ်လို့ သိရပါတယ်။
ဇွန်လ ၂၃ ရက်နေ့က BLACKPINK ရဲ့ အေဂျင်စီ YG Entertainment ရဲ့ ပြောကြားချက်အရ "ဇူလိုင်လ ၅ နဲ့ ၆ ရက်နေ့၊ Goyang Sports Complex Main Stadium မှာ ပြုလုပ်မယ့် BLACKPINK ရဲ့ The Deadline World Tour ဖျော်ဖြေပွဲမှာ သီချင်းအသစ်ကို ပထမဆုံးအကြိမ်ဖျော်ဖြေမှာဖြစ်တယ်" လို့ ဆိုပါတယ်။ ဒီသီချင်းဟာ BLACKPINK ရဲ့ ၂ နှစ်နဲ့ ၈ လအတွင်း ပထမဆုံးထွက်ရှိတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး YG က "သီချင်းသစ်ကို ဘယ်လိုထုတ်ရမလဲဆိုတာ ဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ပြီး နောက်ဆုံး fandom နဲ့ ပြန်လည်ချိတ်ဆက်တဲ့ The Deadline World Tour ရဲ့ အစဖြစ်တဲ့ Goyang ဖျော်ဖြေပွဲမှာ ပထမဆုံးမိတ်ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
BLACKPINK ဟာ ဂျီဆိုး၊ ဂျင်းနီ၊ ရိုစ့်၊ လီဆာဆိုတဲ့ အဖွဲ့ဝင် ၄ ဦးနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့လိုက် အကောင်းဆုံးဆိုတဲ့ စံချိန်တွေ ချိုးခဲ့သလို တစ်ယောက်ချင်းစီဟာလည်း အောင်မြင်မှုကိုယ်စီ ရရှိထားပါတယ်။