အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် အိန္ဒိယမှာ LPG ပြတ်လပ်၊ စားသောက်ဆိုင်လုပ်ငန်းတွေ ရပ်နားရမယ့် အခြေအနေဆိုက်

 173

ရောင်နီ (NP News) - မတ် ၁၃

အမေရိကန်-အစ္စရေးနဲ့ အီရန်တို့အကြားဖြစ်ပွားနေတဲ့စစ်ပွဲဂယက်ကြောင့် အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ဟာ အကျပ်အတည်းတွေဖြစ်ပေါ်နေပြီး နိုင်ငံတစ်ဝန်းရှိ စားသောက်ဆိုင်တွေမှာ ချက်ပြုတ်ဖို့ ဓာတ်ငွေ့ (LPG) ပြတ်လပ်နေကာ ပိတ်သိမ်းရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
အိန္ဒိယရဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့မွန်ဘိုင်းမြို့မှာရှိတဲ့ နာမည်ကြီး အိန္ဒိယစားသောက်ဆိုင် တစ်ဆိုင် ဖြစ်တဲ့ Cafe Madras မှာ ဓာတ်ငွေ့အိုးတွေ ပြတ်လပ်သွားပြီဖြစ်ပြီး ဆိုင်ပိုင်ရှင် အစ်ဟန်ရှစ်တီက “ကျွန်တော်တို့ မီနူးရဲ့ ၈ဝ ရာခိုင်နှုန်းကို လျှော့ချလိုက်ရပါပြီ။ အခုကတော့ ဓာတ်ငွေ့မလိုတဲ့ဆန်းဒဝှစ်ချ်လို မုန့်မျိုးတွေကိုပဲ အဓိက ရောင်းနေရတယ်” လို့ ပြောကြားပါတယ်။
၄င်းတို့အနေနဲ့ လျှပ်စစ် Induction မီးဖိုတွေကို အစားထိုးဖို့ ကြိုးပမ်းပေမယ့်ကုန်ကျစရိတ် မြင့်မားခြင်းနဲ့ ရိုးရာ အရသာ မရရှိနိုင်ခြင်းတို့ကြောင့် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ ရေနံနဲ့ဓာတ်ငွေ့တင်ပို့မှုရဲ့အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်သွားခြင်းက အိန္ဒိယရဲ့စွမ်းအင် တင်သွင်းမှုကို တိုက်ရိုက်ထိခိုက်စေခဲ့ပါတယ်။ အီရန်က အိမ်နီးချင်းပင်လယ်ကွေ့နိုင်ငံတွေရှိ ရေနံစက်ရုံတွေကို တိုက်ခိုက်ခဲ့ပြီးနောက် အိန္ဒိယရဲ့အဓိကထောက်ပံ့သူ ကာတာနိုင်ငံက ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါတယ်။ တစ်နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆလင်ဒါဓာတ်ငွေ့ ဈေးနှုန်းများ ၇ ရာခိုင်နှုန်းခန့် မြင့်တက်သွားခဲ့ပါတယ်။
အခြေအနေတွေကြောင့် အိန္ဒိယရေနံဝန်ကြီးဌာနဟာ ဆေးရုံနဲ့ ကျောင်းတွေကို ဓာတ်ငွေ့ ဦးစားပေး ဖြန့်ဝေ လျက်ရှိပြီး ဧည့်ဝတ်ပြုရေးနဲ့ စားသောက်ဆိုင်ကဏ္ဍမှာ လုံလောက်တဲ့ထောက်ပံ့မှုရရှိစေဖို့ ရုန်းကန်နေရပါတယ်။ ပြည်တွင်း LPG ထုတ်လုပ်မှုကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ ရေနံချက်စက်ရုံတွေကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး ဆူဂျာတာရှာမာ က ပြောကြားပါတယ်။
လက်ရှိမှာ အစိုးရက စားသောက်ဆိုင်တွေနဲ့ စက်မှုလုပ်ငန်းတွေရဲ့လိုအပ်ချက်ကို ပြန်လည်သုံးသပ်ဖို့ အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းထားပေမယ့် စစ်ပွဲအခြေအနေ ရှည်ကြာနေရင် အိန္ဒိယရဲ့စားသောက်ကုန်ကဏ္ဍမှာ ရေရှည် စီးပွားရေး ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Zawgyi Version;
အေရွ႕အလယ္ပိုင္းစစ္ပြဲေၾကာင့္ အိႏၵိယမွာ LPG ျပတ္လပ္၊ စားေသာက္ဆိုင္လုပ္ငန္းေတြ ရပ္နားရမယ့္ အေျခအေနဆိုက္
ေရာင္နီ (NP News) - မတ္ ၁၃
အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔အၾကားျဖစ္ပြားေနတဲ့စစ္ပြဲဂယက္ေၾကာင့္ အိႏၵိယႏိုင္ငံရဲ႕ စြမ္းအင္က႑ ဟာ အက်ပ္အတည္းေတြျဖစ္ေပၚေနၿပီး ႏိုင္ငံတစ္ဝန္းရွိ စားေသာက္ဆိုင္ေတြမွာ ခ်က္ျပဳတ္ဖို႔ ဓာတ္ေငြ႕ (LPG) ျပတ္လပ္ေနကာ ပိတ္သိမ္းရမယ့္အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။
အိႏၵိယရဲ႕ စီးပြားေရးအခ်က္အခ်ာျဖစ္တဲ့မြန္ဘိုင္းၿမိဳ႕မွာရွိတဲ့ နာမည္ႀကီး အိႏၵိယစားေသာက္ဆိုင္ တစ္ဆိုင္ ျဖစ္တဲ့ Cafe Madras မွာ ဓာတ္ေငြ႕အိုးေတြ ျပတ္လပ္သြားၿပီျဖစ္ၿပီး ဆိုင္ပိုင္ရွင္ အစ္ဟန္ရွစ္တီက “ကြၽန္ေတာ္တို႔ မီႏူးရဲ႕ ၈ဝ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်လိုက္ရပါၿပီ။ အခုကေတာ့ ဓာတ္ေငြ႕မလိုတဲ့ဆန္းဒဝွစ္ခ်္လို မုန႔္မ်ိဳးေတြကိုပဲ အဓိက ေရာင္းေနရတယ္” လို႔ ေျပာၾကားပါတယ္။
၄င္းတို႔အေနနဲ႔ လွ်ပ္စစ္ Induction မီးဖိုေတြကို အစားထိုးဖို႔ ႀကိဳးပမ္းေပမယ့္ကုန္က်စရိတ္ ျမင့္မားျခင္းနဲ႔ ႐ိုးရာ အရသာ မရရွိႏိုင္ျခင္းတို႔ေၾကာင့္ အခက္ေတြ႕ေနရတယ္လို႔ ဆိုပါတယ္။ အေရွ႕အလယ္ပိုင္း ပဋိပကၡေၾကာင့္ ကမာၻ႔ ေရနံနဲ႔ဓာတ္ေငြ႕တင္ပို႔မႈရဲ႕အဓိကလမ္းေၾကာင္းျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ၾကား ပိတ္သြားျခင္းက အိႏၵိယရဲ႕စြမ္းအင္ တင္သြင္းမႈကို တိုက္႐ိုက္ထိခိုက္ေစခဲ့ပါတယ္။ အီရန္က အိမ္နီးခ်င္းပင္လယ္ေကြ႕ႏိုင္ငံေတြရွိ ေရနံစက္႐ုံေတြကို တိုက္ခိုက္ခဲ့ၿပီးေနာက္ အိႏၵိယရဲ႕အဓိကေထာက္ပံ့သူ ကာတာႏိုင္ငံက ထုတ္လုပ္မႈရပ္ဆိုင္းခဲ့ပါတယ္။ တစ္ႏွစ္ အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဆလင္ဒါဓာတ္ေငြ႕ ေဈးႏႈန္းမ်ား ၇ ရာခိုင္ႏႈန္းခန႔္ ျမင့္တက္သြားခဲ့ပါတယ္။
အေျခအေနေတြေၾကာင့္ အိႏၵိယေရနံဝန္ႀကီးဌာနဟာ ေဆး႐ုံနဲ႔ ေက်ာင္းေတြကို ဓာတ္ေငြ႕ ဦးစားေပး ျဖန႔္ေဝ လ်က္ရွိၿပီး ဧည့္ဝတ္ျပဳေရးနဲ႔ စားေသာက္ဆိုင္က႑မွာ လုံေလာက္တဲ့ေထာက္ပံ့မႈရရွိေစဖို႔ ႐ုန္းကန္ေနရပါတယ္။ ျပည္တြင္း LPG ထုတ္လုပ္မႈကို ၂၅ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ဖို႔ ေရနံခ်က္စက္႐ုံေတြကို ၫႊန္ၾကားထားတယ္လို႔ ဝန္ႀကီးဌာန တြဲဖက္အတြင္းေရးမႉး ဆူဂ်ာတာရွာမာ က ေျပာၾကားပါတယ္။
လက္ရွိမွာ အစိုးရက စားေသာက္ဆိုင္ေတြနဲ႔ စက္မႈလုပ္ငန္းေတြရဲ႕လိုအပ္ခ်က္ကို ျပန္လည္သုံးသပ္ဖို႔ အဖြဲ႕ တစ္ဖြဲ႕ ဖြဲ႕စည္းထားေပမယ့္ စစ္ပြဲအေျခအေန ရွည္ၾကာေနရင္ အိႏၵိယရဲ႕စားေသာက္ကုန္က႑မွာ ေရရွည္ စီးပြားေရး ထိခိုက္မႈေတြနဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။

Related news

© 2021. All rights reserved.