ပီအက်စ်ဂျီအသင်းမှာ နေမာလ်ထက် လစာအများဆုံးကစားသမားဖြစ်လာတဲ့လီယွန်နယ်မက်ဆီ

1003

ဟိန်း(NP News) - ဩဂုတ် ၁၀
အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့လမ်းခွဲပြီးတဲ့နောက် ဒီကနေ့ ဩဂုတ်လ ၁ဝ ရက်နေ့မှာပဲ ပီအက်စ်ဂျီအသင်းကို (၂)နှစ် စာချုပ်နဲ့ ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
တပြိုင်တည်းမှာပဲ ဘာစီလိုနာအသင်းကတော့ အိမ်ကွင်းနူးကမ့်မှာ ချိတ်ဆွဲထားတဲ့ မက်ဆီရဲ့ ရုပ်ပုံပိုစတာကို ဒီကနေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာပဲ ဖယ်ရှားလိုက်ပြီလို့ သိရပါတယ်။ စာချုပ်အရ မက်ဆီဟာ ပီအပ်စ်ဂျီအသင်းမှာ အခြေခံလုပ်ခလစာအဖြစ် အခွန်ဆောင်ပြီး ယူရို ၂၅ သန်းနဲ့ အပို ဆုကြေးပါပေါင်းရင် စုစုပေါင်း တစ်နှစ်ကို ယူရို ၃၅ သန်းဝန်းကျင် ရရှိမှာဖြစ်ပါတယ်။ ဒါဟာ လက်ရှိပီအက်စ်ဂျီအသင်းမှာ လစာအများဆုံးရနေတဲ့ နေမာလ်ကိုကျော်ပြီး ပီအက်စ်ဂျီအသင်းရဲ့ လစာအများဆုံးကစားသမား ဖြစ်လာတာပါ။ ပီအက်စ်ဂျီအသင်းကတော့ စာချုပ်ပါအချက်တွေအရ နောက်ထပ်တစ်နှစ် သက်တမ်းတိုးပိုင်ခွင့် ရှိနေပါတယ်။ မက်ဆီရဲ့ အပြောင်းအရွှေ့မတိုင်ခင် နှစ်ရက်လောက်အလိုမှာပဲ ပီအက်စ်ဂျီအသင်းကို စာချုပ်ကိစ္စဆွေးရန် မက်ဆီ ရောက်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် ပီအက်စ်ဂျီအသင်း ပရိသတ်တွေက ပြင်သစ်လေဆိပ်မှာ သွားရောက် စောင့်ဆိုင်းကြိုဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလိုကြိုဆိုမှုတွေထဲမှာ ပြင်သစ်သမ္မတလည်း ပါဝင်နေခဲ့တာကို ထူးထူးခြားခြားတွေ့နေရတာဟာ မက်ဆီရဲ့ပုံရိပ် ဘယ်လောက်ကြီးမားသလဲဆိုတာကို ထင်ရှားစေပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ မက်ဆီ ရောက်ရှိလာတာနဲ့ အချိန်မဆွဲဘဲ ကစားသမားသစ်အဖြစ် တရားဝင်ကြေညာဖို့ရှိနေသလို ပဲရစ်မြို့ရဲ့ အထင်ကရ အီဖယ်တာဝါကိုငှားရမ်းထားပြီး တာဝါမှာ မက်ဆီရဲ့ ဓာတ်ပုံနဲ့ အာဂျင်တီးနားအလံကို ချိတ်ဆွဲအလှဆင်ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ပီအက်ဂျီသင်းကို မက်ဆီရောက်လာဖို့ အစွမ်းကုန်ကြိုးစားခဲ့တဲ့အထဲမှာ အသင်းဖော်ဟောင်း နေမာလ် ပါဝင်နေသလို မက်ဆီရောက်လာခဲ့ရင် သူ့ရဲ့ကျောနံပတ်(၁၀)ကို ပေးဝတ်ဖို့လည်း ရှိနေပါတယ်။ မက်ဆီကတော့ ကျောနံပတ် ၁၉ ဒါမှမဟုတ် ၃၀ ကို ဝတ်ဆင်သွားမယ်လို့ ကနဦးသတင်းတွေထွက်နေပါတယ်။ ကမ္ဘာ့ကောင်းဆုံးဘောလုံးသမား မက်ဆီနဲ့ တစ်ချိန်ကတွဲဖက်ညီခဲ့တဲ့ အသင်းဖော်ဟောင်းနေမာလ်တို့ရဲ့ အချိတ်အဆက်မိမိကစားဟန်တွေကို ပြန်လည်မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။