လာမည့် (၆)လတွင်လည်း ရငွေများဆက်လက် လျော့နည်းနိုင်ဟုဆို

764

NP News - သြဂုတ် ၂၅
လက်ရှိအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေရပြီး စီးပွားရေးထိခိုက်မှုများ အနည်းနှင့်အများမှုရှိသည့်အပြင် နိုင်ငံတော်၏ အခွန်အကောက်ရငွေနှင့် အခြားသာမန်ရငွေများ အပါအဝင် နိုင်ငံတော်ဝင်ငွေအချို့ လျော့နည်းကျဆင်းလျက်ရှိရာ လာမည့် ၆ လတွင်လည်း ရငွေများဆက်လက် လျော့နည်းနိုင်ကြောင်း ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
၎င်းက သြဂုတ်လ ၂၄ ရက်က ကျင်းပသည့် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
နိုင်ငံတွင် ဘဏ္ဍာရေးနှစ်ကိုယခင်က နှစ်စဉ် ဧပြီလ (၁) ရက်မှ မတ်လ (၃၁) ရက်အထိ သတ်မှတ်ခဲ့သော်လည်း ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ဘဏ္ဍာရေး နှစ်မှစ၍ အောက်တိုဘာလ (၁) ရက်မှ စက်တင်ဘာလ (၃ဝ) ရက်အထိ သတ်မှတ်ခဲ့သည်။ ယခုအခါ ဘဏ္ဍာရေးနှစ်ကို ၂ဝ၂၂-၂ဝ၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှစ၍ ဧပြီလ (၁) ရက်မှ မတ်လ (၃၁) ရက်အထိ ပြန်လည်ပြောင်းလဲ ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ကြားကာလဘတ်ဂျက်အဖြစ် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ ၂ဝ၂၂ ခုနှစ်၊ မတ် လ (၃၁) ရက်အထိ (၆)လအတွက် အရအသုံး ခန့်မှန်းခြေငွေစာရင်းရေး ဆွဲမည်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံတော်အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းတွေအတွက် အသုံးစရိတ်တွေကို မဖြစ်မနေသုံးစွဲရမှာဖြစ်တဲ့အတွက် ဝန်ကြီးဌာနတွေနနဲ့ အသုံးစရိတ်တွေကို အတတ်နိုင်ဆုံးစိစစ်သုံးစွဲဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းကပြောသည်။
ဘတ်ဂျက်ကာလ (၆)လ သာဖြစ်သည့်အတွက် ရငွေလျာထားချက်များသည် (၆) လအတွင်းအမှန်ရရှိနိုင်သော ရငွေများဖြစ်ရန်နှင့် အသုံးစရိတ်လျာထားချက်များသည် (၆) လအတွင်း အမှန်သုံးစွဲနိုင်မည့် အသုံးစရိတ်များကိုသာ လျာထားကြရန်လိုအပ်မည်ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
#NPNews