မဲမသမာမှုကြောင့် ဖွဲ့စည်းပုံနှင့်အညီ အရေးပေါ်အခြေအနေကြေညာခဲ့ရခြင်းဖြစ်ကြောင်း မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးတွင်ပြော

1668

NP News - စက်တင်ဘာ ၁ဝ
၂ဝ၂ဝ ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်ပြီး လွှတ်တော်ခေါ်ယူရန် ကြိုးစားခဲ့ခြင်းကြောင့် နိုင်ငံရေးအရအရေးပေါ်အခြေအနေကြေညာခဲ့ရခြင်းဖြစ်ကြောင်း စက်တင်ဘာလ (၉)ရက်တွင် ပြုလုပ်သည့် သတ္တမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးကို မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခေါင်းဆောင်များ ဖြစ်ကြသည့် ကမ္ဘောဒီး ယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီ ယက်နမ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ နှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်းသိရသည်။
“နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)နဲ့အညီ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရဲ့တာဝန်အရပ်ရပ်ကို စတင် ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော် တာဝန်တွေ ထမ်းဆောင်ခဲ့ရပြီး နောက်ပိုင်းမှာ နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကနေ သွေဖီမသွားစေဖို့အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ် ဆောင်ရွက်လျက်ရှိပါ တယ်” ဟု ၎င်းက အစည်းအဝေးတွင် ထည့်သွင်းပြောခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ်များအနက် ပထမအချက် ဖြစ်သည့် “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီဆောင်ရွက်သွားမည် ” ဟူသည့်အချက်ကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ၊ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်း အ ဝေး၏ သဘောတူညီချက်(၅)ရပ်ကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂) H.E Dato Erywan Pehin Yusof ကို အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန်အဆိုပြုချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် သဘောတူလက်ခံခဲ့ပြီးဖြစ်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။
အာဆီယံခေါင်းဆောင်များ သဘောတူညီချက်(၅)ရပ်၏မူဘောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မူဘောင်၊ အာဆီယံမူဘောင်များနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ရှိရင်းစွဲ နှစ်နိုင်ငံသဘောတူညီချက်များနှင့် အပြည်ပြည်ဆိုင်ရာကတိကဝတ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#NPNews