မလေးရှားကို တရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးရမိ

 663

ဂျန်ဇက်(NP News) – စက်တင်ဘာ ၁၂
မလေးရှားနိုင်ငံ Kedah ပြည်နယ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ လူပေါင်း ၁၄ ဦး ပါဝင်တဲ့ မြန်မာနိုင်ငံသားအုပ်စုနှစ်ခုကို စက်တင်ဘာ ၁၁ ရက်က ထိုင်းရဲတပ်ဖွဲ့ဘက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ် RaiTok ရွာအနီးရှိ လမ်းမကြီးမှာ ToyotaRivo ပစ်ကပ်ကားကို ကြားဖြတ်ဟန့် တား စစ်ဆေးချိန်အတွင်း လူ ၇ ဦး ပါဝင်တဲ့ မြန်မာနိုင်ငံသားပထမအုပ်စုကို ဖမ်းမိခဲ့ကြောင်း၊ အဆိုပါ ဖမ်းမိခဲ့သူ တွေထဲမှာ အမျိုးသားလေးဦးနဲ့ အမျိုးသမီး သုံးဦး ပါဝင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားတွေကို လိုက်လံပို့ဆောင်ပေးခဲ့တဲ့ ယာဉ်မောင်းဖြစ်သူ Sukhipli Arong က NaMom ခရိုင် Khuan Chong ကျေးရွာအနီးမှာ နံနက် ၁၁ နာရီမှာ ရွှေ့ပြောင်းအလုပ်သမားတွေကိုတင်ဆောင် မောင်းနှင်ခဲ့ကြောင်း၊ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မလေးရှားနယ်စပ်အထိ ပို့ဆောင်ပေးရမှာဖြစ်ပြီး တစ်ဦးကို ဘတ်တစ်ထောင် ရရှိကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်

ဒါ့အပြင် ထိုင်းအာဏာပိုင်တွေဟာ မလေးရှားနိုင်ငံကို ဝင်ရောက်ဖို့ကြိုးပမ်းတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဒုတိယအသုတ်ကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းမှာပဲ မလေးရှားနယ်စပ်နားမှာ ဖမ်းဆီးရမိခဲ့ကြောင်း၊ မလေးရှားနယ်စပ်ဒေသကိုဖြတ်သန်းဖို့ ချုံပုတ်အတွင်းပုန်းကာ စောင့်ဆိုင်းနေတဲ့အမျိုးသား ငါးဦးနဲ့ အမျိုးသမီးနှစ်ဦးပါဝင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအုပ်စု ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါရွှေ့ပြောင်းအလုပ်သမားတွေဟာ ဆောင်ခလာ ကနေ မလေးရှားနယ်စပ်ဒေကို နောက်ထပ် ယာဉ်တစ်စီး နဲ့ လာရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၄) ဦးက ၎င်းတို့ဟာ Ang Thong ဒေသကနေ ဆောင်ခလာဒေသကို တက္ကစီနဲ့ထွက်ခွာလာခဲ့ပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်ရဖို့ ပွဲစားခ အဖြစ် တစ်ဦးကို မလေးရှားရင်းဂစ် ၃၅ဝဝ ပေးရကြောင်း ဝန်ခံထားပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ လက်ရှိအချိန်မှာ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြောင်း ဘန်ကောက်ပိုစ့်သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.