အမေရိကန်နှင့် သြစတြေးလျတို့က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအမြန်ဆုံးအဆုံးသတ်ရန်တိုက်တွန်း

 1227

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၈
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအမြန်ဆုံးအဆုံးသတ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကဖမ်းဆီးထားသူများနှင့်အတူ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်အမေရိကန်နှင့်သြစတြေးလျနိုင်ငံတို့က တောင်းဆိုတိုက်တွန်းလိုက်ကြောင်း ANI သတင်းဖော်ပြချက်အရသိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၊ ကာကွယ်ရေးဝန်ကြီး အော်စတင်တို့သည် ဝါရှင်တန်ဒီစီမြို့တွင်ပြုလုပ်သည့် အမေရိကန်- သြစတြေးလျနိုင်ငံဝန်ကြီးများဆွေးနွေးညှိနှိုင်းပွဲတွင် သြစတြေးလျကာကွယ်ရေးဝန်ကြီး ပီတာဒက်တန်၊ အမျိုးသမီးရေးရာဝန်ကြီး မာရီစီပေးနီတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံအ ရေးနှင့်ပတ်သက်ပြီး ယခုကဲ့သို့တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

သြစတြေးလျနှင့်အမေရိကန်အစိုးရတို့သည် မြန်မာနိုင်ငံတွင်အဖွဲ့အစည်းအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု နှင့် ဒီမိုကရေစီပြန်ရရှိစေရေးအမြန်ဆုံးလုပ်ဆောင်ရန်တောင်းဆိုခဲ့သည့်အပြင် လူသားချင်းဆိုင်ရာအကူညီများကိုပိတ်ပင်တားဆီးခြင်းမျိုးမလုပ်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သြစတြေးလျနိုင်ငံသားပါမောက္ခတစ်ဦးဖြစ်သည့် ရှောင်တာနာ၊ အမေရိကန်နိုင်ငံသားဂျာနယ်လစ်ဒန်နီဖန်စတာတို့အပါအဝင်စစ်ကောင်စီက လူထောင်ချီကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။ ထို့ပြင်မြန်မာနိုင်ငံအတွက်ခန့်အပ်ထားသည့် အာဆီယံအထူးကိုယ်စားလှယ်၏လုပ်ပိုင်ခွင့်များကိုအားပေးထောက်ခံမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့အနေဖြင့် သဘောတူညီထားသည့်အချက်ငါးချက်ကို တာဝန်ယူနိုင်ရန်မြန်မာစစ်ကောင်စီကို တွန်းအားပေးရမည်ဖြစ်ကြောင်း သြစတြေးလျနှင့် အမေရိကန်အစိုးရတို့က တိုက်တွန်းထား သည်။ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမြန်မာနိုင်ငံသည် ကမောက်ကမအခြေနေများဖြစ်ခဲ့ပြီး ဆန္ဒပြမှုများနှင့်အတူအကြမ်းဖက် တိုက်ခိုက်မှုများဖြစ်လာခဲ့ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.