အလုပ်သမားကဏ္ဍထိန်းချုပ်နိုင်ရေးအတွက် ကျွမ်းကျင်လုပ်သားများကိုသာ ပြည်ပသို့သွားရောက်လုပ်ကိုင်ခွင့်ပြုတော့မည်

 2057

ယွန်း (NP News) - ဒီဇင်ဘာ ၁ဝ

လုပ်သားအရေအတွက် ထိန်းချုပ်နိုင်ရေးအတွက် ယခုနှစ်ကုန်ပိုင်းမှစ၍ ကျွမ်းကျင်လုပ်သားများကိုသာ ပြည်ပ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။ ပြီးခဲ့သည့် (၂၀၂၁) ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခင်းအကျင်းများ နောက်ပိုင်း၌ ပြည်ပ နိုင်ငံများသို့ မြန်မာလုပ်သားသွားရောက်မှု အရေအတွက်မှာ သိသာစွာမြင့်တက်လာခဲ့သည်။

ထို့ပြင် ယခုနှစ် ဖေဖော်ဝါရီလတွင်ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းရှိလုပ်သား များအနေဖြင့် နိုင်ငံခြားထွက်ခွာမှုများပြားလာခဲ့ရာ တရားမဝင်သွားရောက်မှုများ ပိုမိုများပြားလာခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ယခုနှစ်ကုန်မှစ၍ ကျွမ်းကျင်လုပ်သားများကိုသာ ပြည်ပ နိုင်ငံများ သို့ စေလွှတ်ရန်စီစဉ်နေကြောင်း သိရသည်။ “ကျွန်တော်တို့နိုင်ငံကနေ အခုနိုင်ငံခြားကိုသွားနေတဲ့အလုပ်သမားတွေက General Worker တွေပေါ့။ အရမ်းလည်းများနေပြီ။ တိုင်းပြည်မှာ လုပ်သားသိပ်မရှိတာလည်း အဲဒါတွေကြောင့်ပေါ့။ အဲဒီတော့ ဒီနှစ်ကုန်တာနဲ့ ကျွမ်းကျင်လုပ်သားတွေပဲ စပြီးပို့တော့မယ်လို့ ကြားတယ်။ စင်ကာပူကတော့ သွားလို့ ရမယ်ထင်တယ်။ ထိုင်း၊ မလေးရှား၊ ဂျပန်ပေါ့။ ဂျပန်ကတော့ ပြဿနာမရှိဘူး။ ကျွမ်းကျင်သင်တန်းတွေရှိတယ် သွားလို့ရတယ်။ ဒါပေမဲ့ လုပ်သားအများဆုံးသွားတဲ့နိုင်ငံတွေကိုတော့ ကျွမ်းကျင်သတ်မှတ်မယ်လို့ကြားတယ်” ဟု အထက်ပါ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်က NP News ကိုပြောသည်။

ထိုသို့ သတ်မှတ်လိုက်ခြင်းကြောင့် မြန်မာလုပ်သားများအတွက် လုပ်ခလစာများလာနိုင်သည့်အပြင် ပြည်ပ နိုင်ငံများသို့ တရားမဝင်သွားရောက်နေ သည့်လုပ်သားအရေအတွက်ကိုလည်း ထိန်းချုပ်နိုင် မည်ဖြစ်ကြောင်းသိရသည်။ “ကျွမ်းကျင်မှလည်း လုပ်ခလစာလည်းများမယ်။ ပြီးရင် အရေအတွက်လည်းထိန်းချုပ်နိုင်မှာပေါ့။ ရသင့်ရထိုက်တဲ့ လုပ်ခလစာကိုရစေချင်လို့ ဒီလိုသတ်မှတ်လိုက်တာဖြစ်နိုင်တယ်။ အခုဆိုရင် ကိုယ့်နိုင်ငံမှာ ပညာတတ်ဘွဲ့ရတွေ ဖြစ်ပေ မယ့် ကြုံတဲ့အလုပ်နဲ့သွားကြတယ်။ အဲဒါမျိုးတွေလည်း အများကြီးရှိတယ်။ အဲဒီတော့ သက်ဆိုင်ရာအလိုက် ကျွမ်းကျင် တဲ့သင်တန်းတွေတက်၊ လက်မှတ်တွေကိုင်ပြီးတော့သွားခွင့်ပြုတာ ပိုအဆင်ပြေတယ်။ ကျွမ်းကျင်သတ်မှတ်တဲ့ နေရာမှာ လည်း ထိုင်းနဲ့မလေးရှားကျတော့လည်း သတ်မှတ်ချက်က သေချာမရှိဘူး။ ကျန်တဲ့ စင်ကာပူတို့၊ ဂျပန်တို့၊ ကိုရီးယားတို့ ကတော့ ရှိတာပေါ့လေ။ အဲဒီသတ်မှတ်ချက်က မြန်မာလုပ်သားတွေအများဆုံးသွားနေတဲ့ ထိုင်းနဲ့ မလေးကိုဖြစ်နိုင် လောက်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူတို့ကတော့ အကုန်ခြုံပြီးပြောမှာပေါ့။ သတ်မှတ်ချက်အတိအကျကတော့ မထွက်လာသေးဘူး။ အကြမ်းဖျင်းသိရတာပေါ့” ဟု ၎င်းက ပြောသည်။

ပြည်တွင်း၌ (၁၉၉၀) ပြည့်နှစ်မှ (၂၀၂၄) ခုနှစ် မေလအထိ အေဂျင်စီ အစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ် ဖြင့်ဖြစ်စေ ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများကို OWIN ထုတ်ပေးမှုအရေအတွက်မှာ နိုင်ငံပေါင်း (၉၉) နိုင်ငံသို့ (၁၈၂၅၃၈၁) ဦးရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏အချက်အလက်များအရသိရသည်။

Related news

© 2021. All rights reserved.