ငလျင်ဘေးသင့်ဒေသများတွင် ဆောက်လုပ်ရေးလုပ်ငန်းဘက် ပြောင်းရွှေ့သူ များလာပြီး လုပ်ငန်းအချို့၌ လုပ်သား ရှားပါးနေ

42

ပြည့်ဖြိုး (NP News) - ဇွန် ၉
ငလျင်ဘေးသင့်ဒေသများတွင် ဆောက်လုပ်ရေးလုပ်ငန်းဘက် ပြောင်းရွှေ့သူများလာပြီး အချို့လုပ်ငန်းများ အတွက် လုပ်သားရှားလာကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (UMFCC) မှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က နေပြည်တော်တွင် ကျင်းပခဲ့သော ငလျင်အလွန် မြန်မာ့စီးပွားရေး ကုစားခြင်း နှင့် ပြန်လည်ထူထောင်းခြင်း သုံးသပ်ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လုပ်သားအများအပြားကို အလုပ်ပေးလျက်ရှိသော လခစား အထည်ချုပ် CMP စက်ရုံများ သည် ရန်ကုန်တွင် (၈၈)ရာခိုင်နှုန်း၊ မန္တလေးတွင် (၉)ရာခိုင်နှုန်း၊ ကျန်ရာခိုင်နှုန်းမှာ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ တွင်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန္တလေး၊ အမရပူရနှင့် စစ်ကိုင်းတို့တွင် အထည်ချုပ်လုပ်ငန်း ၊ စက်ရက်ကန်း၊ လက်ရက်ကန်း၊ ပိုးထည်တိုက်၊ ဖိနပ်ချုပ်လုပ်ငန်းနှင့် အိတ်ချုပ်လုပ်ငန်းစသည်တို့ကို လုပ်ကိုင်ကြသူများပြားရာ လုပ်ငန်းရှင်များ သည် အဆောက်အအုံတစ်ခုတည်းတွင် နေအိမ်နှင့်လုပ်ငန်းတွဲထားတတ်ကြသည့်အတွက် ငလျင်ဒဏ်ကြောင့် လူနေအိမ်သာမက လုပ်ငန်းကိုပါ ထိခိုက်သွားကြောင်း သိရသည်။
“လူနေဖို့အဆောက်အအုံတွေ ပြန်ပြင်တာက အရင်ဆုံး ထွက်လာတယ်။ ဒီလို ရက်ကန်း၊ ပိုးထည် တို့ အများကြီးမထွက်လာခင်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေက အရမ်းဖြစ်လာတဲ့အခါကျတော့ ဒီ အလုပ်သမားတွေ က အလုပ်မရှိလို့မရလို့ အဲဒီဘက်ကို ကူးကြပါတယ်။ ကူးတော့ မြန်မာနိုင်ငံအနေအထားကလည်း လုပ်သား အင်အားမလုံလောက်တဲ့အနေအထားဟာ တစ်ပြည်လုံးမှာ ဖြစ်နေပါတယ်။ လုပ်ငန်း Sector တိုင်းမှာ ဖြစ်နေပါ တယ်။ ဒီလိုအလုပ် သမားတွေဟိုဘက်ကိုကူးသွားတော့ ဆောက်လုပ် ရေးမှာလည်း လုပ်ငန်းမလုံလောက်တဲ့ အတွက် အများကြီးပိုပေးလိုက်ရတယ်။ Daily Worker တစ်ယောက်က ဆောက်လုပ်ရေးမှာ ကျပ်(၃) သောင်းကနေ (၄)သောင်းအထိ ရပါတယ်။ အဲဒီတော့ ရတာက အပြစ်မရှိပါဘူး။ ဒီဘက်က ရက်ကန်းတွေ ပြန်စတဲ့အချိန်မှာ လူရှာလို့မရတော့ဘူး။ အဲဒီလိုတော့ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့တွင် စက်ရက်ကန်းရုံ (၅၀ဝ)ခန့် နှင့် လက်ရက်ကန်း (၃၀ဝဝ) ကျော် ရှိပြီး စစ်ကိုင်းတွင်လည်း ထိုနည်း လည်းကောင်းရှိသည့်အတွက် ကုစားရမည်ဆိုပါက လူနေအိမ် နှင့် လုပ်ငန်းကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ၎င်းက ဆိုသည်။
“ရန်ကုန်မှာက Business အပေါ်မှာ Impact က တိုက်ရိုက်မထိသွားပေမယ့် ရန်ကုန် အလုပ် သမားတွေက Indirect လေ။ သူတို့ရဲ့မိဘတွေက အဲဒီနယ်တွေမှာနေတဲ့အခါကျတော့ မိဘတွေရဲ့နေအိမ်ပျက်စီးမှု အသက် အိုးအိမ်ဖြစ်တဲ့အခါကျတော့ အလုပ်သမားတွေက အဲဒီဟာနဲ့ ပြန်ကြတာရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြော သည်။