အနောက်ဘက်ကမ်းခြေကို အစ္စရေးသိမ်းပိုက်မည့်အစီအစဉ်ကို အမေရိကန် အစိုးရ ငြင်းဆန်

 215

ဂျန်ဇက်(NP News)ဖေဖော်ဝါရီ ၁၀
အစ္စရေးနိုင်ငံ၏ လက်ယာစွန်း အစိုးရအဖွဲ့ဝင်များက အနောက်ဘက်ကမ်းဒေသ (West Bank) ကို အစ္စရေး၏ တရားဝင် ပိုင်နက်အဖြစ် ကြေညာရန်တွန်းအားပေးနေမှုများကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းဆန်ပယ်ချလိုက်ကြောင်းသိရသည်။အမည်မဖော်လိုသူ အိမ်ဖြူတော် အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်အရ သမ္မတ ဒေါ်နယ်ထရမ့်သည် အစ္စရေး၏ လုံခြုံရေးကို အပြည့်အဝ ထောက်ခံသော်လည်းတစ်ဖက်သတ် ပိုင်နက်သိမ်းပိုက်ခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးကိုပျက်ပြားစေနိုင်ကြောင်းသိရသည်။အမေရိကန်က ကြိုးပမ်းနေသော အာရပ်-အစ္စရေး ငြိမ်းချမ်းရေး တိုးချဲ့မှုကို ထိခိုက်စေနိုင်ဖွယ်ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။အမေရိကန်သည် အစ္စရေးနှင့် ဆော်ဒီအာရေဗျကြား သံတမန်ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းနေချိန်တွင်၊ အစ္စရေးနိုင်ငံက အနောက်ဘက်ကမ်းကို သိမ်းပိုက်လိုက်ပါကအစ္စရေးနှင့် ဆော်ဒီအာရေဗျနိုင်ငံကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်ပြားသွားနိုင်သည်။ထိုအပြင် အမေရိကန်နိုင်ငံသည် ဒေသတွင်း အာရပ်နိုင်ငံများကို စည်းရုံးပြီး အီရန်ကို တန်ပြန်ရန်အတွက် ပါလက်စတိုင်းအရေးတွင် တင်းမာမှု လျှော့ချထားရန် လိုအပ်သလို
ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့၏ ပြင်းထန်သော ကန့်ကွက်မှုများကို လျစ်လျူရှုရာ ရောက်မည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်းသိရသည်။ အစ္စရေး ဘဏ္ဍာရေးဝန်ကြီး အပါအဝင် သဘောထားတင်းမာသည့် အစ္စရေးအစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့က အစ္စရေး၏ သမိုင်းပေး အမွေအနှစ်ဖြစ်ပြီး မည်သူ့ကိုမျှ ဂရုစိုက်စရာ မလို" ဟု တင်းမာစွာ တုံ့ပြန်ပြောဆိုထားသည်။ လက်ရှိအချိန်တွင် အမေရိကန်သမ္မတသည် အစ္စရေးကို ထောက်ခံသူ ဖြစ်သော်လည်း၎င်း၏ ကြီးမားသော ငြိမ်းချမ်းရေး စီမံကိန်းများကို အပျက်စီးခံမည် မဟုတ်ကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။

Zawgyi Version:
အေနာက္ဘက္ကမ္းေျခကို အစၥေရးသိမ္းပိုက္မည့္အစီအစဥ္ကို အေမရိကန္ အစိုးရ ျငင္းဆန္
ဂ်န္ဇက္(NP News)ေဖေဖာ္ဝါရီ ၁၀
အစၥေရးႏိုင္ငံ၏ လက္ယာစြန္း အစိုးရအဖြဲ႕ဝင္မ်ားက အေနာက္ဘက္ကမ္းေဒသ (West Bank) ကို အစၥေရး၏ တရားဝင္ ပိုင္နက္အျဖစ္ ေၾကညာရန္တြန္းအားေပးေနမႈမ်ားကို အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္းသိရသည္။အမည္မေဖာ္လိုသူ အိမ္ျဖဴေတာ္ အဆင့္ျမင့္ အရာရွိတစ္ဦး၏ ေျပာၾကားခ်က္အရ သမၼတ ေဒၚနယ္ထရမ့္သည္ အစၥေရး၏ လုံၿခဳံေရးကို အျပည့္အဝ ေထာက္ခံေသာ္လည္းတစ္ဖက္သတ္ ပိုင္နက္သိမ္းပိုက္ျခင္းသည္ ေဒသတြင္း တည္ၿငိမ္ေရးကိုပ်က္ျပားေစႏိုင္ေၾကာင္းသိရသည္။အေမရိကန္က ႀကိဳးပမ္းေနေသာ အာရပ္-အစၥေရး ၿငိမ္းခ်မ္းေရး တိုးခ်ဲ႕မႈကို ထိခိုက္ေစႏိုင္ဖြယ္ရွိေနေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။အေမရိကန္သည္ အစၥေရးႏွင့္ ေဆာ္ဒီအာေရဗ်ၾကား သံတမန္ဆက္ဆံေရး ထူေထာင္ရန္ ႀကိဳးပမ္းေနခ်ိန္တြင္၊ အစၥေရးႏိုင္ငံက အေနာက္ဘက္ကမ္းကို သိမ္းပိုက္လိုက္ပါကအစၥေရးႏွင့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံၾကား ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား ပ်က္ျပားသြားႏိုင္သည္။ထိုအျပင္ အေမရိကန္ႏိုင္ငံသည္ ေဒသတြင္း အာရပ္ႏိုင္ငံမ်ားကို စည္း႐ုံးၿပီး အီရန္ကို တန္ျပန္ရန္အတြက္ ပါလက္စတိုင္းအေရးတြင္ တင္းမာမႈ ေလွ်ာ့ခ်ထားရန္ လိုအပ္သလို
ဥေရာပသမဂၢႏွင့္ ကုလသမဂၢတို႔၏ ျပင္းထန္ေသာ ကန႔္ကြက္မႈမ်ားကို လ်စ္လ်ဴရႈရာ ေရာက္မည္ကို စိုးရိမ္ေနျခင္းျဖစ္ေၾကာင္းသိရသည္။ အစၥေရး ဘ႑ာေရးဝန္ႀကီး အပါအဝင္ သေဘာထားတင္းမာသည့္ အစၥေရးအစိုးရအဖြဲ႕ဝင္ဝန္ႀကီးအခ်ိဳ႕က အစၥေရး၏ သမိုင္းေပး အေမြအႏွစ္ျဖစ္ၿပီး မည္သူ႔ကိုမွ် ဂ႐ုစိုက္စရာ မလို" ဟု တင္းမာစြာ တုံ႔ျပန္ေျပာဆိုထားသည္။ လက္ရွိအခ်ိန္တြင္ အေမရိကန္သမၼတသည္ အစၥေရးကို ေထာက္ခံသူ ျဖစ္ေသာ္လည္း၎၏ ႀကီးမားေသာ ၿငိမ္းခ်မ္းေရး စီမံကိန္းမ်ားကို အပ်က္စီးခံမည္ မဟုတ္ေၾကာင္း သတင္းမ်ားလည္းထြက္ေပၚေနသည္။

Related news

© 2021. All rights reserved.