ဒေါ်လာသိန်းချီ ကော်မရှင်စား၍ KK Park မှတစ်ဆင့် လိမ်လည်နေသည့် တောင်ကိုရီးယားလူငယ် (၉) ဦး တရားစွဲခံရ

 524

ALynn (NP News)- မတ် ၁၂
မြန်မာနိုင်ငံတွင် အခြေစိုက်ပြီး တောင်ကိုရီးယားနိုင်ငံသားများကို ပစ်မှတ်ထားကာ အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် Romance Scam ဂိုဏ်းတစ်ခုတွင် ပါဝင်ပတ်သက်နေသူ ကိုရီးယားလူငယ်တစ်စုကို တောင်ကိုရီးယား အစိုးရရှေ့နေများက မတ်လ (၁၁) ရက်နေ့တွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
ဆိုးလ်အရှေ့ပိုင်းခရိုင် အစိုးရရှေ့နေရုံး၏ ထုတ်ပြန်ချက်အရ မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK Park တွင် အခြေစိုက်လှုပ်ရှားခဲ့သော အသက် (၂၃) နှစ်မှ (၃၄) နှစ်အတွင်းရှိ ကိုရီးယားအမျိုးသား (၉) ဦးကို တရားစွဲဆိုထားခြင်းဖြစ်သည်။ ၎င်းတို့အနက် (၅) ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး (၃) ဦးကို အကျဉ်းမချဘဲ တရားစွဲဆိုထားကာ ကျန် (၁) ဦးမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့သည် မြန်မာနိုင်ငံရှိ အခြေစိုက်အွန်လိုင်းလိမ်လည်စခန်းများတွင် အလုပ်လုပ်ကိုင်စဉ် လိမ်လည်မှုနည်းလမ်းများနှင့် ငွေကြေးစီးဆင်းမှုပုံစံများကို သင်ယူခဲ့ကြပြီး ကိုရီးယားသို့ ပြန်ရောက်သည့်အခါ အခြားသူ၏အမည်ခံဘဏ်အကောင့်များမှတစ်ဆင့် လိမ်လည်ရရှိသောငွေများကို ခဝါချပေးခဲ့ကြကြောင်း သိရသည်။
ကိုရီးယားအစိုးရရှေ့နေများ၏ ထုတ်ပြန်ချက်အရ အချို့သောဂိုဏ်းဝင်များသည် ပြည်ပရှိ ဂိုဏ်းခေါင်းဆောင်များပင် မသိအောင် ကြားဖြတ်လိမ်လည်သည့် “pressing accounts” ဆိုသော နည်းလမ်းကို အသုံးပြုခဲ့ကြသည်။
ဤနည်းလမ်းသည် အခြားသူ၏ အမည်ခံဘဏ်အကောင့်များထဲသို့ ရောက်ရှိလာသော လိမ်လည်ရငွေများကို ဂိုဏ်းခေါင်းဆောင်များထံ မရောက်ရှိစေဘဲ ကြားဖြတ်ထုတ်ယူခြင်းဖြစ်သည်။
ဤဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် Voice-phishing ဂိုဏ်းဝင်အချင်းချင်းကြားတွင်ပင် ရရှိလာသော ရာဇဝတ်မှုအမြတ်အစွန်းများကို အပြန်အလှန်လိမ်လည်နေကြသည့် အခြေအနေကို တွေ့မြင်ရသည်။
(၂၀၂၅) ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့သော ဤစုံစမ်းစစ်ဆေးမှုသည် သံသယရှိသူများ၏ နှုတ်ပိတ်နေမှုကြောင့် ကနဦးတွင် ကြန့်ကြာခဲ့သော်လည်း ပြည်တွင်းငွေကြေးခဝါချမှုကွန်ရက်မှ အဖွဲ့ဝင်များကို ဖမ်းဆီးမိရာမှတစ်ဆင့် မြန်မာနိုင်ငံရှိ လုပ်ငန်းများအကြောင်း လျှို့ဝှက်ထားရန် ညွှန်ကြားထားသည့် စာစောင်များကို ရှာဖွေတွေ့ရှိခဲ့သဖြင့် အမှုမှန်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးသူများသည် သံသယရှိသူတစ်ဦး၏ လက်ကိုင်ဖုန်းအတွင်းမှ ဂိုဏ်း၏ ငွေကြေးပေးချေမှုစနစ် မှတ်တမ်းများကို ရှာဖွေတွေ့ရှိခဲ့ရာ အဖွဲ့ဝင်များကို တစ်လလျှင် အခြေခံလစာ အမေရိကန်ဒေါ်လာ (၁,၅၀ဝ) ပေးဆောင်သည့်အပြင် လိမ်လည်ရရှိသည့် ငွေပမာဏအပေါ် မူတည်၍ ကော်မရှင်ခများပါ ခွဲဝေပေးခဲ့ကြောင်း သိရသည်။
တွေ့ရှိရသည့် မှတ်တမ်းများအရ လိမ်လည်ရရှိငွေ အမေရိကန်ဒေါ်လာ (၅၀,၀၀၀) မှ (၁၀၀,၀၀၀) ကြားအတွက် (၅) ရာခိုင်နှုန်းနှင့် ဒေါ်လာ (၁၀၀,၀၀၀) မှ (၁၅၀,၀၀၀) ကြားအတွက် (၆) ရာခိုင်နှုန်းစီ ကော်မရှင်ခများ သတ်မှတ်ပေးဆောင်ခဲ့ခြင်းဖြစ်သည်။
အချို့သော ဖြစ်စဉ်များတွင် လိမ်လည်ရရှိသည့် ငွေပမာဏမှာ ကိုရီးယားဝမ် သန်း (၇၀) မှ (၁ ဒသမ ၄) ဘီလီယံအထိ ရှိခဲ့သဖြင့် ဂိုဏ်းဝင်အချို့မှာ ကော်မရှင်ခအဖြစ် ဝမ် (၁၆၀) သန်း (အမေရိကန်ဒေါ်လာ ၁ သိန်းကျော်ခန့်) အထိပင် ရရှိခဲ့ကြကြောင်း ဖော်ပြထားသည်။

Zawgyi Version:
ေဒၚလာသိန္းခ်ီ ေကာ္မရွင္စား၍ KK Park မွတစ္ဆင့္ လိမ္လည္ေနသည့္ ေတာင္ကိုရီးယားလူငယ္ (၉) ဦး တရားစြဲခံရ
ALynn (NP News)- မတ္ ၁၂
ျမန္မာႏိုင္ငံတြင္ အေျခစိုက္ၿပီး ေတာင္ကိုရီးယားႏိုင္ငံသားမ်ားကို ပစ္မွတ္ထားကာ အြန္လိုင္းမွတစ္ဆင့္ လိမ္လည္ေနသည့္ Romance Scam ဂိုဏ္းတစ္ခုတြင္ ပါဝင္ပတ္သက္ေနသူ ကိုရီးယားလူငယ္တစ္စုကို ေတာင္ကိုရီးယား အစိုးရေရွ႕ေနမ်ားက မတ္လ (၁၁) ရက္ေန႔တြင္ တရားစြဲဆိုလိုက္ေၾကာင္း သိရသည္။
ဆိုးလ္အေရွ႕ပိုင္းခ႐ိုင္ အစိုးရေရွ႕ေန႐ုံး၏ ထုတ္ျပန္ခ်က္အရ ျမန္မာ-ထိုင္းနယ္စပ္အနီးရွိ KK Park တြင္ အေျခစိုက္လႈပ္ရွားခဲ့ေသာ အသက္ (၂၃) ႏွစ္မွ (၃၄) ႏွစ္အတြင္းရွိ ကိုရီးယားအမ်ိဳးသား (၉) ဦးကို တရားစြဲဆိုထားျခင္းျဖစ္သည္။ ၎တို႔အနက္ (၅) ဦးကို ဖမ္းဆီးထိန္းသိမ္းထားၿပီး (၃) ဦးကို အက်ဥ္းမခ်ဘဲ တရားစြဲဆိုထားကာ က်န္ (၁) ဦးမွာမူ လြတ္ေျမာက္ေနဆဲျဖစ္သည္။
စုံစမ္းစစ္ေဆးမႈမ်ားအရ ၎တို႔သည္ ျမန္မာႏိုင္ငံရွိ အေျခစိုက္အြန္လိုင္းလိမ္လည္စခန္းမ်ားတြင္ အလုပ္လုပ္ကိုင္စဥ္ လိမ္လည္မႈနည္းလမ္းမ်ားႏွင့္ ေငြေၾကးစီးဆင္းမႈပုံစံမ်ားကို သင္ယူခဲ့ၾကၿပီး ကိုရီးယားသို႔ ျပန္ေရာက္သည့္အခါ အျခားသူ၏အမည္ခံဘဏ္အေကာင့္မ်ားမွတစ္ဆင့္ လိမ္လည္ရရွိေသာေငြမ်ားကို ခဝါခ်ေပးခဲ့ၾကေၾကာင္း သိရသည္။
ကိုရီးယားအစိုးရေရွ႕ေနမ်ား၏ ထုတ္ျပန္ခ်က္အရ အခ်ိဳ႕ေသာဂိုဏ္းဝင္မ်ားသည္ ျပည္ပရွိ ဂိုဏ္းေခါင္းေဆာင္မ်ားပင္ မသိေအာင္ ၾကားျဖတ္လိမ္လည္သည့္ “pressing accounts” ဆိုေသာ နည္းလမ္းကို အသုံးျပဳခဲ့ၾကသည္။
ဤနည္းလမ္းသည္ အျခားသူ၏ အမည္ခံဘဏ္အေကာင့္မ်ားထဲသို႔ ေရာက္ရွိလာေသာ လိမ္လည္ရေငြမ်ားကို ဂိုဏ္းေခါင္းေဆာင္မ်ားထံ မေရာက္ရွိေစဘဲ ၾကားျဖတ္ထုတ္ယူျခင္းျဖစ္သည္။
ဤျဖစ္ရပ္ကို ၾကည့္ျခင္းအားျဖင့္ Voice-phishing ဂိုဏ္းဝင္အခ်င္းခ်င္းၾကားတြင္ပင္ ရရွိလာေသာ ရာဇဝတ္မႈအျမတ္အစြန္းမ်ားကို အျပန္အလွန္လိမ္လည္ေနၾကသည့္ အေျခအေနကို ေတြ႕ျမင္ရသည္။
(၂၀၂၅) ခုႏွစ္၊ ဇြန္လတြင္ စတင္ခဲ့ေသာ ဤစုံစမ္းစစ္ေဆးမႈသည္ သံသယရွိသူမ်ား၏ ႏႈတ္ပိတ္ေနမႈေၾကာင့္ ကနဦးတြင္ ၾကန႔္ၾကာခဲ့ေသာ္လည္း ျပည္တြင္းေငြေၾကးခဝါခ်မႈကြန္ရက္မွ အဖြဲ႕ဝင္မ်ားကို ဖမ္းဆီးမိရာမွတစ္ဆင့္ ျမန္မာႏိုင္ငံရွိ လုပ္ငန္းမ်ားအေၾကာင္း လွ်ိဳ႕ဝွက္ထားရန္ ၫႊန္ၾကားထားသည့္ စာေစာင္မ်ားကို ရွာေဖြေတြ႕ရွိခဲ့သျဖင့္ အမႈမွန္ကို ေဖာ္ထုတ္ႏိုင္ခဲ့ျခင္းျဖစ္သည္။
စုံစမ္းစစ္ေဆးသူမ်ားသည္ သံသယရွိသူတစ္ဦး၏ လက္ကိုင္ဖုန္းအတြင္းမွ ဂိုဏ္း၏ ေငြေၾကးေပးေခ်မႈစနစ္ မွတ္တမ္းမ်ားကို ရွာေဖြေတြ႕ရွိခဲ့ရာ အဖြဲ႕ဝင္မ်ားကို တစ္လလွ်င္ အေျခခံလစာ အေမရိကန္ေဒၚလာ (၁,၅၀ဝ) ေပးေဆာင္သည့္အျပင္ လိမ္လည္ရရွိသည့္ ေငြပမာဏအေပၚ မူတည္၍ ေကာ္မရွင္ခမ်ားပါ ခြဲေဝေပးခဲ့ေၾကာင္း သိရသည္။
ေတြ႕ရွိရသည့္ မွတ္တမ္းမ်ားအရ လိမ္လည္ရရွိေငြ အေမရိကန္ေဒၚလာ (၅၀,၀၀၀) မွ (၁၀၀,၀၀၀) ၾကားအတြက္ (၅) ရာခိုင္ႏႈန္းႏွင့္ ေဒၚလာ (၁၀၀,၀၀၀) မွ (၁၅၀,၀၀၀) ၾကားအတြက္ (၆) ရာခိုင္ႏႈန္းစီ ေကာ္မရွင္ခမ်ား သတ္မွတ္ေပးေဆာင္ခဲ့ျခင္းျဖစ္သည္။
အခ်ိဳ႕ေသာ ျဖစ္စဥ္မ်ားတြင္ လိမ္လည္ရရွိသည့္ ေငြပမာဏမွာ ကိုရီးယားဝမ္ သန္း (၇၀) မွ (၁ ဒသမ ၄) ဘီလီယံအထိ ရွိခဲ့သျဖင့္ ဂိုဏ္းဝင္အခ်ိဳ႕မွာ ေကာ္မရွင္ခအျဖစ္ ဝမ္ (၁၆၀) သန္း (အေမရိကန္ေဒၚလာ ၁ သိန္းေက်ာ္ခန႔္) အထိပင္ ရရွိခဲ့ၾကေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.