ဇေကမ္ဘာဝင်းအတွင်းထားရှိမည့် အောက်စီဂျင်စက်ကို ရက်ပိုင်းအတွင်း စတင်လည်ပတ်မည်

 1014

အိဖြူ(NP News) - သြဂုတ် ၁၂
ဇေကမ္ဘာဝင်းအတွင်းထားရှိမည့် အောက်စီဂျင်စက်ကို ဦးဇေသီဟ(ဇေကမ္ဘာ) နှင့်ဇနီး သရုပ်ဆောင် နန္ဒာလှိုင်တို့ မိ သားစုမှလှူဒါန်းရန်ပြင်ဆင်လျက်ရှိပြီး လိုအပ်သည့်စက်များ ရောက်ရှိပြီဖြစ်သဖြင့် တပ်ဆင်ပြီးသည်နှင့်တပြိုင်နက် စတင်လည်ပတ် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းကို ပြည်သူများရင်ဆိုင်နေရချိန်တွင် ပြည်တွင်း၌ အဓိကလိုအပ်ချက်ဖြစ်သည့် အောက်စီဂျင်ပြတ်လပ်မှုပြဿနာအား ဖြေရှင်းနိုင်ရန် ယင်းတို့မိသားစုမှ ယခုကဲ့သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

“မှာထားတဲ့ Oxygen Plant တွေ အားလုံးနီးပါးရောက်နေပါပြီ။ စက်ဆင်ပြီးတာနဲ့ စလည်ပတ်ပါတော့မယ်” ဟု ဦးဇေသီဟမှ ၎င်းကိုယ်တိုင်အသုံးပြုသည့် လူမှုကွန်ရက်တွင် အသိပေးဖော်ပြထားသည်။

ယခင်ကစီစဉ်ထားသည့် အောက်စီဂျင်ကို ယာဉ်ဖြင့် လိုက်လံဖြန့်ဝေမည်ဆိုပါက တစ်နေရာနှင့်တစ်နေရာ သွား ရောက်ရမည့်ကြာချိန်၊ သွားရမည့်မြို့နယ်တိုင်းတွင် ယာဉ်ရပ်ရန် နေရာအခက်အခဲများ၊ လျှပ်စစ်မီးအားနှင့် ပတ်ဝန်း ကျင်အခြေအနေများနှင့် တန်းစီးစနစ်ကြောင့် အဆိုပါပတ်ဝန်းကျင်များတွင် ရောဂါပိုး ပိုပြန့်သွားစေနိုင်ကြောင်း၊ ကြားပွဲစားများရန် နှင့် အထူးသဖြင့် အောက်စီဂျင်ယာဉ်၏ သွားမည့်လမ်းကြောင်းကို အကူအညီလိုအပ်နေသောပြည်သူများမှ ထပ်မံ၍ လိုက်စုံစမ်းနေရပါလျှင် ပို၍အလုပ်များ အခက်အခဲများရှိနိုင်ကြောင်း ဦးဇေသီဟက ပြောသည်။

ထို့ကြောင့် ပြည်သူများအတွက်လှူဒါန်းမည့် အောက်စီဂျင်ကို ဇေကမ္ဘာကုမ္ပဏီ ရုံးချုပ်ဝင်းထဲတွင်သာ ထားရှိမည်ဖြစ်ပြီး ဖုန်းနံပါတ်ကြိုတင်ချိတ်ဆက်ထားသူကိုသာ ဖြန့်ဝေပေးသွားမည်ကြောင်း သိရသည်။ အကယ်၍ ရန်ကုန်မြို့တွင်း အောက်စီဂျင်လိုအပ်ချက်များကျဆင်းသွားသည့်အချိန် အခြားမြို့များမှ အကူအညီ တောင်းခဲ့ပါက လိုက်လံကူညီပေးနိုင်အောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့မိသားစုသည် အောက်စီဂျင်စက်တည်ဆောက်ရန်ပြင်ဆင်နေချိန်ကာလအတွင်း ကြားဖြတ်အလှူအဖြစ် အောက်စီဂျင်အိုးများ၊ Oxygen Concentrator စက်များအား ပြည်ပမှ ဝယ်ယူ၍ အရေးပေါ်အောက်စီဂျင်လိုအပ်နေသူများအား ဦးစားပေးစနစ်ဖြင့် ဌားရမ်းပေးခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းမှ သံဃာတော်ကြီးအချို့သည် အလှူရှင်များနှင့် စုပေါင်း၍သော်လည်းကောင်း၊ အလှူရှင်ကြီးများ၊ ပရဟိတအသင်းများမှသော်လည်းကောင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် မိမိတို့မြို့နယ် ဒေသများအတွက် အောက်စီဂျင်စက်ရုံတည်ဆောက်မှုများရှိသကဲ့သို့ လုပ်ငန်းရှင်များ၊ အလှူရှင်များ က လည်း အောက်စီဂျင်လှူဒါန်းမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြသည်။
#NPNews

Related news

© 2021. All rights reserved.