မြန်မာနှစ်သိန်းခွဲကျော်အပါအဝင် ပြည်ပလုပ်သား(၄)သိန်းကျော်ကို လုပ်ငန်းခွင်ထဲပြန်ဝင်စေဖို့ ထိုင်းအစိုးရ စီစဉ်နေ

 810

မိုးတိမ် (NP News) - သြဂုတ် ၂၃
ထိုင်းလုပ်ငန်းရှင်တွေဟာ မြန်မာလုပ်သား နှစ်သိန်းခွဲကျော်အပါအဝင် ပြည်ပလုပ်သားပေါင်း(၄)သိန်းကျော်ကို လုပ်ငန်းခွင်ထဲ ပြန်လာစေဖို့လိုအပ်နေပြီဖြစ်တဲ့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်က ပြန်လည်စီစဉ်ပေးနေရပြီဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာတွေနဲ့ အလုပ်ခန့်ထားတဲ့ ပြည်ပလုပ်သားတွေကို လုပ်ငန်းခွင်ထဲ ပြန်ဝင်စေဖို့အရေးမှာ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်ကို ဖြတ်သန်းပြီးမှ ဖြစ်မြောက်စေဖို့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်က ထည့်သွင်းစဉ်းစားနေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ထိုင်းလုပ်ငန်းရှင်တွေဘက်ကတော့ အခြေခံလုပ်သားတွေလို့ ဆိုနိုင်တဲ့ ပြည်ပကလုပ်သားတွေကို သူတို့လုပ်ငန်းခွင်ထဲ ပြန်မဝင်စေရင် ထိုင်းအခြေခံလုပ်ငန်းတွေအားလုံး အခက်အခဲနဲ့ရင်ဆိုင်ရတော့မယ်လို့ အသိပေးခဲ့ပါတယ်။ အလုပ်သမားရေးရာဦးစီးဌာနရဲ့စစ်တမ်းအရ ပြန်ခေါ်ဖို့ လိုအပ်နေတဲ့လုပ်သား(၄၂၄၇၀၃)ဦးမှာ မြန်မာ(၂၅၆၀၂၉) ဦး၊ ကမ္ဘောဒီးယား(၁၃၀၁၃၈) ဦးနဲ့ လာအိုလုပ်သား(၃၈၅၃၆) ဦးတို့ပါဝင်နေတယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ ထိုင်းမှာအခြေခံအလုပ်တွေဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှု၊ အထည်ချုပ်လုပ်ငန်း အစရှိတဲ့ အလုပ်တွေကို လုပ်ကိုင်နေရသူတွေဖြစ်တယ်လို့ သိရပါတယ်။

“ ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းစီးပွားရေးလုပ်ငန်းတွေကို မှန်မှန်ကန်ကန် မောင်းနှင်ဖို့အတါက် အရေးကြီးပါတယ်။ အခုရော ကိုဗစ်ကပ်ရောဂါအပြီးအတွက်ရော အရေးကြီးတာပါ ” လို့ ထိုင်းအလုပ်သမားရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် Pairoj Chotikasathien က ပြောပါတယ်။ ဒီအတွက်လည်း ထိုင်းအလုပ်သမားရေးဝန်ကြီးကတော့ ထိုင်းခရီးသွားလုပ်ငန်းရေးရာ ဒုဝန်ကြီးနဲ့ လုပ်သားရေးရာကိစ္စတွေကို သောကြာနေ့က စကားပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

သို့သော်လည်း အလုပ်သမားတွေကို လုပ်ငန်းခွင်ထဲ ပြန်ဝင်စေမယ့်ကိစ္စဟာ အလွယ်တကူလုပ်လို့ရတဲ့အနေအထားမျိုးမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံတွေအလိုက် ကိုဗစ်ကပ်ရောဂါအခြေအနေအပေါ်မှာ မူတည်ပြီး စဉ်းစားမှဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။

Related news

© 2021. All rights reserved.