မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာလမ်း နှင့် ကရုဏာလမ်းဆုံ၌ လက်လုပ်မိုင်းလာရောက်ပစ်ခတ်ဖောက်ခွဲမှုဖြစ်ပွား

1050
NP News - စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း နှင့် ကရုဏာလမ်း ဆုံ၌ လက်လုပ်မိုင်းလာရောက်ပစ်ခတ်ဖောက်ခွဲသူ (၂) ဦးအား ဖမ်းဆီးမိခဲ့ကြောင်း စစ်ကောင်စီပြန် ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါဖြစ်စဉ်သည် စက်တင်ဘာလ (၇) ရက် ညနေ (၆)နာရီခွဲ့ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက် လုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးသည် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်းဖြင့်ပစ်ခတ်ဖောက်ခွဲကာ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် ပြည်သူ များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တရားခံများဖြစ်သည့် သိန်းဇော်(ခ)ပါကျဲ (ဘ)ဦးမြင့်ဦး နှင့် ရဲမြင့်အောင်(ဘ)ဦးသက်မျိုးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၎င်းတို့ကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက်ဆောင် ရွက်လျက်ရှိပြီး အဆိုပါဖြစ်စဉ်ကြောင့် မြို့တွင်းလုံခြုံရေးအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#NPNews