မြေပေါ်မြေအောက် သယံဇာတထုတ်ယူခြင်းကို အားမပေးလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

 1182

အေဝိုင်အီး (NP News) - စက်တင်ဘာ ၁၉
သယံဇာတကိုအခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှာ ရေရှည်တည်တံ့နိုင်သည့်လုပ်ငန်းများမဟုတ်ဘဲ ရေတို၌သာ အဆင်ပြေနိုင်ခြင်းဖြစ်သည့်အတွက် မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူခြင်း လုပ်ငန်းများအပေါ် အားမပေးလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်နှင့်ဌာနဆိုင်ရာဝန်ထမ်းအသီးသီးအပါအဝင် မြို့မိမြို့ဖများအား စက်တင်ဘာ(၁၈)ရက်က တွေ့ဆုံအမှာစကားပြောကြားစဉ်တွင် ထည့်သွင်းပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ ကချင်ပြည်နယ်သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဒေသတွင်းမှတင်ပြချက်များတွင် စက်မှုဇုန်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများကို ခွင့်ပြုပေးရန်နှင့် အဆင့်မြှင့်တင်ပေးရန်တို့ပါရှိနေသည့်အတွက် ယင်းအထဲမှ သယံဇာတတူးဖော်ရေးလုပ်ငန်းကိုမူ ခွင့်မပြုလိုသည့်သဘောမျိုး ထည့်သွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ကချင်ပြည်နယ်သည် ဖားကန့်ကဲ့သို့သော သွေးစွန်းရတနာမြေအပေါ် သယံဇာတတူးဖော်မှု အကြီးအကျယ်ရှိနေပြီး ရပ်တန့်သွားရန်လည်းမဖြစ်နိုင်သည့်အခြေအနေမျိုးဖြစ်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် သယံဇာတတူးဖော်မှုကြောင့် တိုင်းပြည်ထိခိုက်သဖြင့် ဖားကန့်တွင် ကျောက်မျက်တူးဖော်မှုလုပ်ငန်းများကို လုံးဝရပ်ပစ်မည်ဆိုပါက မလိုလားအပ်သောကြီးမားသည့်စစ်ပွဲများပင် ဖြစ်လာနိုင်သည်အထိ ဆိုးဝါးလွန်း၊ အင်အားကြီးမားလွန်းနေခြင်းလည်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ၎င်း၏မိန့်ခွန်းအဖြစ် သယံဇာတကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ရေရှည်တည်တံ့နိုင်သည့် လုပ်ငန်းများမဟုတ်ဘဲ ရေတိုအတွက်သာ အဆင်ပြေနိုင်မည်ဖြစ်သဖြင့် မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူခြင်းလုပ်ငန်းများကို အားမပေးလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သယံဇာတများကိုထုတ်ယူပြီး အကြမ်းထည်များကိုတင်ပို့သောကြောင့် ဈေးနှုန်းရသင့်သည်ထက် နည်းပါးစွာ ရရှိသဖြင့် အချောထည်များကို ထုတ်လုပ်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့သော သယံဇာတများသည် ပြည့်ဖြိုးမြဲသယံဇာတမဟုတ်သည့်အတွက် ကုန်ခမ်းသွားနိုင်ကြောင်း၊ ပြည်ဖြိုးမြဲသယံဇာတများကိုမူ ပြန်လည်ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း မူဝါဒရေးရာသဘောမျိုးထည့်သွင်းပြောကြားသည်။ သယံဇာတကိုချည်းသာအားကိုးပါက ရေရှည်တွင် အခက်အခဲများဖြစ်ပေါ်နိုင်သည့်အတွက် တိုင်းပြည်အတွက်အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုများကိုသာလုပ်ဆောင်ကြစေလိုကြောင်းလည်း ဆိုသည်။

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အရည်အသွေးပြည့်ဝပြီး အဆင့်အတန်းပြည့်မီသည့် ထုတ်ကုန်များဖြစ်အောင်လုပ်ဆောင်ကာ ပြည်တွင်းရှိအခြားဒေသများနှင့် ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးမှရရှိလာသည့် ထွက်ကုန်များကို အကြမ်းထည်တင်ပို့သည့် တစ်ဆင့်ခံကုန်ထုတ်လုပ်ငန်းဖြစ်နေ၍မရဘဲ ဈေးကွက်ဝင်ကုန်ချော ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊ လိုအပ်သည့်အခြေခံကုန်ကြမ်းပစ္စည်းများကို ဒေသတွင်း၌ ထုတ်လုပ်နိုင်မည်ဆိုပါက ပြင်ပမှဝယ်ယူနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး ဈေးနှုန်းသက်သာစွာဖြင့်အသုံးပြုနိုင်မည်ဖြစ်ကာ ဒေသ၏စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိဒေသ၏ အခြေအနေဖန်တီးနိုင်မှုသည် ဒေသတွင်း၌ပင် ရှိနေရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တစ်ဦး၏ မူဝါဒအဖြစ် ထည့်သွင်းပြောကြားသည်။

Related news

© 2021. All rights reserved.