စင်ကာပူတွင် တက္ကစီနှင့်အိမ်စီးကားများ၌ လိုက်ပါသူ(၂) ဦးသာတင်ဆောင်ရန်ကန့်သတ်

582

ရောင်နီ (NP News) - စက်တင်ဘာ ၂၅
စင်ကာပူနိုင်ငံတွင် Covid-19 ကူးစက်ဖြစ်ပွားမှုလျှော့ချရန်အတွက် တနင်္လာနေ့ (စက်တင်ဘာလ ၂၇ ရက်) မှ အောက်တိုဘာလ (၂၄ )ရက်အထိ တက္ကစီနှင့်ကိုယ်ပိုင်အိမ်စီးယာဉ်များတွင် လိုက်ပါသူနှစ်ဦးသာ တင်ဆောင်ခွင့်ပြုမည့်ကန့်သတ်ချက်ကို ချမှတ်သွားမည်ဖြစ်ကြောင်း Straitstimes သတင်းဖော်ပြချက်အရသိရသည်။
အဆိုပါ ကန့်သတ်ချက်သည် ကွဲပြားသောအိမ်ထောင်စုများအကြား အပြန်အလှန်ဆက်သွယ်မှုကို လျှော့ချရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) က စနေနေ့ (စက်တင်ဘာလ ၂၅ ရက်) တွင်ကြေညာခဲ့သည်။ မကြာသေးမီရက်များအတွင်း နေ့စဉ် Covid-19 ကူးစက်ခံရသူအရေအတွက် (၁၅ဝဝ) ကျော်ထိမြင့်တက်လာခြင်းကို ထိန်းချုပ်ရန်ပိုမိုတင်းကျပ်သည့် ကန့်သတ်ချက်များကို ကြေငြာပြီးနောက် တက္ကစီနှင့်အိမ်စီးကားများ၏ ကန့်သတ်ချက်များပေါ်ထွက်လာခြင်း ဖြစ်ကြောင်းသိရသည်။
တက္ကစီ နှင့် ကိုယ်ပိုင်ကားများအတွက် လူနှစ်ဦးကန့်သတ်ချက်သည်အတူတကွ ခရီး သွားကြမည့် အိမ်ထောင်စုအသီးသီးမှ ခရီးသည်များနှင့်သက်ဆိုင်ပြီး မိဘတစ်ဦးနှင့် ကလေးနှစ်ဦးကဲ့သို့သော အိမ်ထောင်စုခရီးသွားမှုများကိုသွား လာခွင့်ပြုထားဆဲဖြစ် ကြောင်း LTA ကပြောသည်။ ရပ်ဆိုင်းထားမည့် Carpooling ဝန်ဆောင်မှုများသည် GrabHitch နှင့် RydePool ကဲ့သို့ လိုင်စင်ရဝန်ဆောင်မှုများ ပါဝင်ပြီး ခရီးသည်များအားလုံး အချိန်တိုင်းနှာခေါင်းစည်းတပ်ရန် မဖြစ်မနေလိုအပ်ကြောင်း၊ တက္ကစီ နှင့် ကိုယ်ပိုင်အငှားကားမောင်းသူများ အနေဖြင့် နှာခေါင်းစည်းမဝတ်ဆင်ထားသည့် ခရီးသည်များကို ခေါ်ဆောင်ရန် ငြင်းဆန်သင့်ကြောင်း LTA က ပြောသည်။
#NPNews