နီပေါနိုင်ငံမှာ ကလေးသူငယ်တွေနဲ့ လူငယ်တွေကြား ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေ

238

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၈
နီပေါနိုင်ငံရှိ ထိပ်တန်းကင်ဆာ ရောဂါကု ဆေးရုံကြီးမှာ ကလေးကုသဆောင်တွေဟာ လူနာတွေနဲ့ ပြည့်လျှံ နေပြီး အထူးသဖြင့် အသက် ၂ဝ နဲ့ ၃ဝ ဝန်းကျင် လူငယ်တွေကြားကင်ဆာရောဂါဖြစ်ပွားမှုနှုန်းသိသိသာသာ မြင့်တက်လာနေတယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
BP Koirala အထိမ်းအမှတ် ကင်ဆာရောဂါကုဆေးရုံရဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း လူနာပေါင်း ၂၁၀,၀၀၀ ကျော်ထိ ရှိခဲ့ပြီး ယခင်နှစ်ထက် ၅၂ ရာခိုင်နှုန်းခန့် မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေအတွက် သီးသန့်ထားရှိတဲ့ ကုတင်တွေဟာ အမြဲတမ်း ပြည့်နေလေ့ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ခန့်မှန်းချက်အရ နီပေါမှာ နှစ်စဉ် ကလေးငယ် ၁,၂၀၀ မှ ၁,၆၀၀ ကြား ကင်ဆာရောဂါစမ်းသပ်တွေ့ရှိနေရပြီး ၎င်းတို့အနက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်သာ အသက်ရှင်သန်နိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။ ယခင်က အသက် ၅၀ ကျော်မှသာ အဖြစ်များလေ့ရှိတဲ့ ကင်ဆာရောဂါဟာ ယခုအခါ လူငယ်တွေမှာပါ ကူးစက်ပျံ့နှံ့လာနေတာဖြစ်ပါတယ်။ သီးနှံတွေမှာ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲမှု၊ မသန့်ရှင်းတဲ့ အစားအစာတွေ စားသုံးမှု၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာမှုနဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုအပြင် ဗီဇနဲ့ အခြား မျိုးရိုး ဗီဇဆိုင်ရာအကြောင်းရင်းတွေနဲ့အတူ ရောဂါရှာဖွေမှု နည်းပညာတိုးတက်လာခြင်းကြောင့်လည်း ရောဂါကို ပိုမို ဖော်ထုတ်နိုင်လာတယ်လို့ ဆိုပါတယ်။
ရောဂါဖြစ်ပွားမှု များပြားလာနေပေမယ့် နီပေါနိုင်ငံရဲ့ကျန်းမာရေးကဏ္ဍဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင် နေရဆဲဖြစ်ပြီး လူနာအများစုဟာ ရောဂါအခြေအနေ အဆင့် ၃ (သို့မဟုတ်) အဆင့် ၄ ရောက်မှသာ ဆေးရုံကို ရောက်ရှိလာမှု၊ ပြည်တွင်း ကုသစရိတ်ကြီးမြင့်မှုတို့ကြောင့် လူနာများစွာဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကိုသာ သွားရောက်ကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။

Zawgyi Version;
နီေပါႏိုင္ငံမွာ ကေလးသူငယ္ေတြနဲ႔ လူငယ္ေတြၾကား ကင္ဆာေရာဂါျဖစ္ပြားမႈႏႈန္း ျမင့္တက္ေန
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၈
နီေပါႏိုင္ငံရွိ ထိပ္တန္းကင္ဆာ ေရာဂါကု ေဆး႐ုံႀကီးမွာ ကေလးကုသေဆာင္ေတြဟာ လူနာေတြနဲ႔ ျပည့္လွ်ံ ေနၿပီး အထူးသျဖင့္ အသက္ ၂ဝ နဲ႔ ၃ဝ ဝန္းက်င္ လူငယ္ေတြၾကားကင္ဆာေရာဂါျဖစ္ပြားမႈႏႈန္းသိသိသာသာ ျမင့္တက္လာေနတယ္လို႔ က်န္းမာေရး ကြၽမ္းက်င္သူေတြက သတိေပးလိုက္ပါတယ္။
BP Koirala အထိမ္းအမွတ္ ကင္ဆာေရာဂါကုေဆး႐ုံရဲ႕အခ်က္အလက္ေတြအရ ၿပီးခဲ့တဲ့ ဘ႑ာႏွစ္အတြင္း လူနာေပါင္း ၂၁၀,၀၀၀ ေက်ာ္ထိ ရွိခဲ့ၿပီး ယခင္ႏွစ္ထက္ ၅၂ ရာခိုင္ႏႈန္းခန႔္ ျမင့္တက္လာတယ္လို႔ ဆိုပါတယ္။ အထူးသျဖင့္ ကေလးသူငယ္ေတြအတြက္ သီးသန႔္ထားရွိတဲ့ ကုတင္ေတြဟာ အၿမဲတမ္း ျပည့္ေနေလ့ရွိတယ္လို႔ ဆိုပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ရဲ႕ခန႔္မွန္းခ်က္အရ နီေပါမွာ ႏွစ္စဥ္ ကေလးငယ္ ၁,၂၀၀ မွ ၁,၆၀၀ ၾကား ကင္ဆာေရာဂါစမ္းသပ္ေတြ႕ရွိေနရၿပီး ၎တို႔အနက္ ၂၀ ရာခိုင္ႏႈန္းမွ ၃၀ ရာခိုင္ႏႈန္းခန႔္သာ အသက္ရွင္သန္ႏိုင္ေျခ ရွိေနတယ္လို႔ သိရပါတယ္။ ယခင္က အသက္ ၅၀ ေက်ာ္မွသာ အျဖစ္မ်ားေလ့ရွိတဲ့ ကင္ဆာေရာဂါဟာ ယခုအခါ လူငယ္ေတြမွာပါ ကူးစက္ပ်ံ႕ႏွံ႔လာေနတာျဖစ္ပါတယ္။ သီးႏွံေတြမွာ ပိုးသတ္ေဆး အလြန္အကြၽံသုံးစြဲမႈ၊ မသန႔္ရွင္းတဲ့ အစားအစာေတြ စားသုံးမႈ၊ ကိုယ္လက္လႈပ္ရွားမႈ နည္းပါးလာမႈနဲ႔ပတ္ဝန္းက်င္ညစ္ညမ္းမႈအျပင္ ဗီဇနဲ႔ အျခား မ်ိဳး႐ိုး ဗီဇဆိုင္ရာအေၾကာင္းရင္းေတြနဲ႔အတူ ေရာဂါရွာေဖြမႈ နည္းပညာတိုးတက္လာျခင္းေၾကာင့္လည္း ေရာဂါကို ပိုမို ေဖာ္ထုတ္ႏိုင္လာတယ္လို႔ ဆိုပါတယ္။
ေရာဂါျဖစ္ပြားမႈ မ်ားျပားလာေနေပမယ့္ နီေပါႏိုင္ငံရဲ႕က်န္းမာေရးက႑ဟာ အခက္အခဲမ်ားစြာနဲ႔ ရင္ဆိုင္ ေနရဆဲျဖစ္ၿပီး လူနာအမ်ားစုဟာ ေရာဂါအေျခအေန အဆင့္ ၃ (သို႔မဟုတ္) အဆင့္ ၄ ေရာက္မွသာ ေဆး႐ုံကို ေရာက္ရွိလာမႈ၊ ျပည္တြင္း ကုသစရိတ္ႀကီးျမင့္မႈတို႔ေၾကာင့္ လူနာမ်ားစြာဟာ အိမ္နီးခ်င္း အိႏၵိယႏိုင္ငံကိုသာ သြားေရာက္ကုသမႈ ခံယူေနၾကရတယ္လို႔ သိရပါတယ္။