တည်ဆောက်ရေးကဏ္ဍတွင် ပါဝင်သူအားလုံး စိတ်ချလုံခြုံသော အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရန် ဗိုလ်ချုပ်မှူးကြီးပြော

497

သန့်ဇင် (NP News) - မတ် ၂၈
နိုင်ငံတော်၏ တည်ဆောက်ရေးကဏ္ဍတွင် ပါဝင်သူအားလုံးအား ဘေးအန္တရာယ်ကင်းရှင်း၍ စိတ်ချလုံခြုံသော အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (မတ်လ ၂၈ ရက်) မွန်းလွဲပိုင်းက နေပြည်တော်ရှိ၊ MICC-1 တွင်ကျင်းပသည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့်အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ်အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် အရေးပေါ်ရှာဖွေကယ်ဆယ်ရန်နှင့် ကျန်းမာရေးဆောင့်ရှောက်ရန် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်း (၁၉၃၅) ဦးနှင့် ပညာရှင်နှင့် ဆရာဝန် (၈၄၅) ဦး လာရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အပါအဝင် မြန်မာနိုင်ငံက မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေ တပ်မတော်သားတွေ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ လူမှုရေးအသင်းအဖွဲ့တွေဟာ အဆောက်အအုံထဲမှာ ခက်ခက်ခဲခဲ အင်တိုက်အားတိုက်စွန့်စားပြီး ကြိုးစားရှာဖွေကယ်ဆယ်ပေးခဲ့ကြတဲ့အတွက် အသက်ရှင်လျက် စုစုပေါင်း (၆၅၃) ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပြသခွင့်ရတဲ့မိဘပြည်သူတွေရဲ့ မေတ္တာစေတနာ ရဲစွမ်းသတ္တိစည်းလုံးညီညွတ်မှုနဲ့ ဇွဲလုံလတွေဟာ ကျွန်တော်တို့ ကျွန်တော်တို့နိုင်ငံအတွက် အကြီးမားဆုံးနဲ့ ဂုဏ်ယူစရာအကောင်းဆုံး အမျိုးသားရေးဆိုင်ရာအရင်းမြစ်တွေပဲဖြစ်ပါတယ်။ အန္တရာယ်တွေ ကြားက ကြံ့ခိုင်ရဲဝင့်စွာနဲ့ သတ္တိရှိရှိ ကြိုးစားရှင်သန်ကျန်ရစ်ပေးခဲ့ကြတဲ့ ပြည်သူတွေကိုလည်းဝမ်းမြောက်ဂုဏ်ပြုပါကြောင်းနဲ့ အသတ်စွန့်ရှာဖွေကယ်ဆယ်ပေးခဲ့ကြတဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အပါအဝင် မြန်မာနိုင်ငံက မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေ တပ်မတော်သားတွေ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေကိုလည်း နိုင်ငံတော် ပြည်သူအားလုံးနဲ့ ရှင်သန်ကျန်ရစ်သူများကိုယ်စား အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း အလေးအနက်ထားပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ငလျင်ဘေးကြောင့် သေဆုံးမှုအများစုသည် အင်ဂျင်နီယာပိုင်းဆိုင်ရာသတ်မှတ်ချက်များ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်မညီညွတ်ပဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများ ပြိုကျပျက်စီးမှုအဖြစ် စစ်ဆေးတွေ့ရှိခဲ့ရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် အနာဂတ်ကာလတွင် အဆောက်အအုံများတည်ဆောက်ရာတွင် ပြင်းအား အဆင့် (၈) ထိ ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်ရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“ဒါကြောင့် နောင်အနာဂတ်ကာလ အဆောက်အအုံများ တည်ဆောက်ရာမှာ ပြင်းအား အဆင့် (၈) ထိ ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ တည်ဆောက်သွားဖို့ မူလထက်ပိုမိုကောင်းမွန်တဲ့အဆောက်အအုံတွေ လမ်းတံတားတွေဖြစ်စေဖို့ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ဥပဒေကို ဖော်ဆောင်ပေးနိုင်ဖို့ မူဝါဒများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိပြီး အလေးအနက်ထားလုပ်ကိုင်ဆောင်ရွက်သွားကြဖို့လည်း လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
အလားတူ တည်ဆောက်ရေးကဏ္ဍများတွင် ပါဝင်သူအားလုံးအား အနာဂတ်ကာလများတွင် နိုင်ငံသူနိုင်ငံသားများအတွက် ဘေးအန္တရယ်ကင်းရှင်းကာ စိတ်ချလုံခြုံသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
“နိုင်ငံတော်ရဲ့တည်ဆောက်ရေးကဏ္ဍတွေမှာ အိုးထမ်းပဲ့ထမ်းပါဝင်ဆောင်ရွက်နေကြတဲ့ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိက ကဏ္ဍက အင်ဂျင်နီယာနဲ့ ဗိသုကာပညာရှင်များ၊ ရင်းနှီးမြုပ်နှံသူ Developer များ၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းရောင်းချသူများ အပါအဝင် ဆက်စပ်သူများအားလုံးအနေနဲ့ အနာဂတ်ကာလများမှာ မိမိတို့နိုင်ငံသူနိုင်ငံသားများအတွက် ဘေးအန္တရယ်ကင်းရှင်းပြီး စိတ်ချလုံခြုံတဲ့အခြေခံအဆောက်အအုံများ တည်ဆောက်ပေးကြဖို့ ထပ်မံတိုက်တွန်းမှာကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
လက်ရှိတွင်လည်း နိုင်ငံတော်အနေဖြင့် ငလျင်ဘေးပြန်လည်ထူထောင်ရေးအား ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ ကဏ္ဍအသီးသီးတွင် ပြီးစီးမှု (၈၁) ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“နိုင်ငံတော်အနေနဲ့ ငလျင်ဘေးပြန်လည်ထူထောင်ရေးကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ ကဏ္ဍအသီးသီးမှာ ပြီးစီးမှု (၈၁) ရာခိုင်နှုန်းခန့်ရှိပြီး အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်လျက်လည်း ရှိပါတယ်။ မကြာမီကာလအတွင်းမှာ နိုင်ငံ့တာဝန်ကိုလွှဲပြောင်းယူမယ့် အစိုးရအသစ်အနေနဲ့ လက်ရှိအရှိန်အဟုန်နဲ့ဆောင်ရွက်လျက်ရှိတဲ့ ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့လည်း ယုံကြည်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် တပ်မတော်တာဝန်ယူသည့် (၅) နှစ်အတွင်း ကိုဗစ်(၁၉)၊ မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းနှင့် မန္တလေးငလျင်တို့ကို ကြုံတွေ့ခဲ့ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးခဲ့ကာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအား အဟန့်အတားဖြစ်စေခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“တပ်မတော်အစိုးရတာဝန်ယူတဲ့ (၅) နှစ်တာကာလအတွင်းမှာ (၂၀၂၀) ပြည့်နှစ်မှာ တစ်ကမ္ဘာလုံးမှဖြစ်ခဲ့တဲ့ ကိုဗစ် (၁၉) ကူးစက်ရောဂါဘေး။ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းဘေး။ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းဘေးနဲ့ ၂၀၂၅ ခုနှစ်မှာ မန္တလေးငလျင်ဘေးတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အဲဒီသဘာဝဘေးအန္တရယ်တွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေထိခိုက်ပျက်စီးခဲ့ရုံသာမက နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အဟန့်အတားဖြစ်စေခဲ့ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက ပြောကြားခဲ့သည်။
ထို့ကြောင့် ဘေးအန္တရယ်နှင့် ဖွံ့ဖြိုးတိုးတက်မှုသည် အပြန်အလှန်ဆက်နွယ်နေခြင်းဖြစ်သည့်အတွက် ဘေးအန္တရယ်မှထိခိုက် ခံစားရမှုများအား အခွင့်အလမ်းအဖြစ် အသုံးပြုကာ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ် ကြိုးပမ်းတည်ကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ သံတမန်များ၊ နည်းပညာနှင့်အရပ်ဘက်အဖွဲ့အစည်းများ၊ ငလျင်ဘေးကူညီပေးခဲ့ကြသည့်အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ငလျင် အပြီး ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးတွင် ပါဝင်ကူညီခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအား အမှတ်တရဂုဏ်ပြုတံဆိပ်ချီးမြှင့်ရာ ပြည်ပနိုင်ငံအဖွဲ့အစည်းများ ကိုယ်စား ထိုနိုင်ငံများမှ သံအမတ်ကြီးများက လက်ခံခဲ့သည်။
မန္တလေး ငလျင်ကြီးတွင် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုတွင် သေဆုံးသူ ၃၈၁၈ ဦး၊ ပျောက်ဆုံးသူ (၅) ဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦး၊ ဘေးသင့်အိမ်ထောင်စုပေါင်း ၁၆၂၅၆၃ စု၊ ဘေးသင့်လူဦးရေ ၄၂၄၀၆၃ ဦး၊ ယာယီရွှေ့ပြောင်းလူဦးရေ ၁၇၉၁၁၁ ဦး ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၇၉၇၉ ဘီလီယံကျော်ရှိကြောင်း သိရသည်။

Zawgyi Version;
တည္ေဆာက္ေရးက႑တြင္ ပါဝင္သူအားလုံး စိတ္ခ်လုံၿခဳံေသာ အေျခခံအေဆာက္အအုံမ်ား တည္ေဆာက္ေပး ရန္ ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ
သန႔္ဇင္ (NP News) - မတ္ ၂၈
ႏိုင္ငံေတာ္၏ တည္ေဆာက္ေရးက႑တြင္ ပါဝင္သူအားလုံးအား ေဘးအႏၲရာယ္ကင္းရွင္း၍ စိတ္ခ်လုံၿခဳံေသာ အေျခခံအေဆာက္အအုံမ်ား တည္ေဆာက္ေပးရန္ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔ (မတ္လ ၂၈ ရက္) မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ၊ MICC-1 တြင္က်င္းပသည့္ မႏၲေလးငလ်င္ႀကီး လႈပ္ခတ္မႈ (၁)ႏွစ္ျပည့္အခမ္းအနားတြင္ မိန႔္ခြန္းေျပာၾကားစဥ္အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မႏၲေလးငလ်င္ႀကီးလႈပ္ခတ္ခဲ့ၿပီးေနာက္ အေရးေပၚရွာေဖြကယ္ဆယ္ရန္ႏွင့္ က်န္းမာေရးေဆာင့္ေရွာက္ရန္ ႏိုင္ငံေပါင္း (၂၅) ႏိုင္ငံမွ ရွာေဖြကယ္ဆယ္ေရး ဝန္ထမ္း (၁၉၃၅) ဦးႏွင့္ ပညာရွင္ႏွင့္ ဆရာဝန္ (၈၄၅) ဦး လာေရာက္ကာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား လုပ္ေဆာင္ေပးခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
“ႏိုင္ငံတကာက ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြ အပါအဝင္ ျမန္မာႏိုင္ငံက မီးသတ္တပ္ဖြဲ႕ဝင္ေတြ ရဲတပ္ဖြဲ႕ဝင္ေတြ တပ္မေတာ္သားေတြ ၾကက္ေျခနီတပ္ဖြဲ႕ဝင္ေတြ လူမႈေရးအသင္းအဖြဲ႕ေတြဟာ အေဆာက္အအုံထဲမွာ ခက္ခက္ခဲခဲ အင္တိုက္အားတိုက္စြန္႔စားၿပီး ႀကိဳးစားရွာေဖြကယ္ဆယ္ေပးခဲ့ၾကတဲ့အတြက္ အသက္ရွင္လ်က္ စုစုေပါင္း (၆၅၃) ဦးကိုလည္း ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ ငလ်င္ေဘးကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ျပသခြင့္ရတဲ့မိဘျပည္သူေတြရဲ႕ ေမတၱာေစတနာ ရဲစြမ္းသတၱိစည္းလုံးညီၫြတ္မႈနဲ႔ ဇြဲလုံလေတြဟာ ကြၽန္ေတာ္တို႔ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ အႀကီးမားဆုံးနဲ႔ ဂုဏ္ယူစရာအေကာင္းဆုံး အမ်ိဳးသားေရးဆိုင္ရာအရင္းျမစ္ေတြပဲျဖစ္ပါတယ္။ အႏၲရာယ္ေတြ ၾကားက ႀကံ့ခိုင္ရဲဝင့္စြာနဲ႔ သတၱိရွိရွိ ႀကိဳးစားရွင္သန္က်န္ရစ္ေပးခဲ့ၾကတဲ့ ျပည္သူေတြကိုလည္းဝမ္းေျမာက္ဂုဏ္ျပဳပါေၾကာင္းနဲ႔ အသတ္စြန႔္ရွာေဖြကယ္ဆယ္ေပးခဲ့ၾကတဲ့ ႏိုင္ငံတကာက ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြ အပါအဝင္ ျမန္မာႏိုင္ငံက မီးသတ္တပ္ဖြဲ႕ဝင္ေတြ ရဲတပ္ဖြဲ႕ဝင္ေတြ တပ္မေတာ္သားေတြ ၾကက္ေျခနီတပ္ဖြဲ႕ဝင္ေတြနဲ႔ လူမႈေရးအသင္းအဖြဲ႕ေတြကိုလည္း ႏိုင္ငံေတာ္ ျပည္သူအားလုံးနဲ႔ ရွင္သန္က်န္ရစ္သူမ်ားကိုယ္စား အသိအမွတ္ျပဳေက်းဇူးတင္ရွိပါေၾကာင္း အေလးအနက္ထားေျပာၾကားလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ငလ်င္ေဘးေၾကာင့္ ေသဆုံးမႈအမ်ားစုသည္ အင္ဂ်င္နီယာပိုင္းဆိုင္ရာသတ္မွတ္ခ်က္မ်ား ေဆာက္လုပ္ေရးပိုင္းဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္မညီၫြတ္ပဲ ေဆာက္လုပ္ထားသည့္ အေဆာက္အအုံမ်ား ၿပိဳက်ပ်က္စီးမႈအျဖစ္ စစ္ေဆးေတြ႕ရွိခဲ့ရေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ အနာဂတ္ကာလတြင္ အေဆာက္အအုံမ်ားတည္ေဆာက္ရာတြင္ ျပင္းအား အဆင့္ (၈) ထိ ခံႏိုင္ရည္ရွိသည့္ အေဆာက္အအုံမ်ား တည္ေဆာက္ရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
“ဒါေၾကာင့္ ေနာင္အနာဂတ္ကာလ အေဆာက္အအုံမ်ား တည္ေဆာက္ရာမွာ ျပင္းအား အဆင့္ (၈) ထိ ခံႏိုင္ရည္ရွိတဲ့ အေဆာက္အအုံေတြ တည္ေဆာက္သြားဖို႔ မူလထက္ပိုမိုေကာင္းမြန္တဲ့အေဆာက္အအုံေတြ လမ္းတံတားေတြျဖစ္ေစဖို႔ ယခုထက္ပိုမိုဖြံ႕ၿဖိဳးတိုးတက္တဲ့ဥပေဒကို ေဖာ္ေဆာင္ေပးႏိုင္ဖို႔ မူဝါဒမ်ား ခ်မွတ္ေဆာင္႐ြက္ေပးလ်က္ရွိၿပီး အေလးအနက္ထားလုပ္ကိုင္ေဆာင္႐ြက္သြားၾကဖို႔လည္း လိုအပ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
အလားတူ တည္ေဆာက္ေရးက႑မ်ားတြင္ ပါဝင္သူအားလုံးအား အနာဂတ္ကာလမ်ားတြင္ ႏိုင္ငံသူႏိုင္ငံသားမ်ားအတြက္ ေဘးအႏၲရယ္ကင္းရွင္းကာ စိတ္ခ်လုံၿခဳံသည့္ အေျခခံအေဆာက္အအုံမ်ား တည္ေဆာက္ေပးၾကရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။
“ႏိုင္ငံေတာ္ရဲ႕တည္ေဆာက္ေရးက႑ေတြမွာ အိုးထမ္းပဲ့ထမ္းပါဝင္ေဆာင္႐ြက္ေနၾကတဲ့ သက္ဆိုင္ရာဌာနမ်ား၊ ပုဂၢလိက က႑က အင္ဂ်င္နီယာနဲ႔ ဗိသုကာပညာရွင္မ်ား၊ ရင္းႏွီးျမဳပ္ႏွံသူ Developer မ်ား၊ တည္ေဆာက္ေရးလုပ္ငန္းသုံးပစၥည္းမ်ား တင္သြင္းေရာင္းခ်သူမ်ား အပါအဝင္ ဆက္စပ္သူမ်ားအားလုံးအေနနဲ႔ အနာဂတ္ကာလမ်ားမွာ မိမိတို႔ႏိုင္ငံသူႏိုင္ငံသားမ်ားအတြက္ ေဘးအႏၲရယ္ကင္းရွင္းၿပီး စိတ္ခ်လုံၿခဳံတဲ့အေျခခံအေဆာက္အအုံမ်ား တည္ေဆာက္ေပးၾကဖို႔ ထပ္မံတိုက္တြန္းမွာၾကားလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
လက္ရွိတြင္လည္း ႏိုင္ငံေတာ္အေနျဖင့္ ငလ်င္ေဘးျပန္လည္ထူေထာင္ေရးအား က႑အလိုက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိၿပီး လက္ရွိအခ်ိန္အထိ က႑အသီးသီးတြင္ ၿပီးစီးမႈ (၈၁) ရာခိုင္ႏႈန္းခန႔္ရွိၿပီျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
“ႏိုင္ငံေတာ္အေနနဲ႔ ငလ်င္ေဘးျပန္လည္ထူေထာင္ေရးက႑အလိုက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေနပါတယ္။ လက္ရွိအခ်ိန္အထိ က႑အသီးသီးမွာ ၿပီးစီးမႈ (၈၁) ရာခိုင္ႏႈန္းခန႔္ရွိၿပီး အရွိန္အဟုန္နဲ႔ ဆက္လက္ေဆာင္႐ြက္လ်က္လည္း ရွိပါတယ္။ မၾကာမီကာလအတြင္းမွာ ႏိုင္ငံ့တာဝန္ကိုလႊဲေျပာင္းယူမယ့္ အစိုးရအသစ္အေနနဲ႔ လက္ရွိအရွိန္အဟုန္နဲ႔ေဆာင္႐ြက္လ်က္ရွိတဲ့ ငလ်င္ေဘးျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြကို အရွိန္အဟုန္နဲ႔ဆက္လက္ေဆာင္႐ြက္သြားႏိုင္မယ္လို႔လည္း ယုံၾကည္ေၾကာင္း ေျပာၾကားလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ တပ္မေတာ္တာဝန္ယူသည့္ (၅) ႏွစ္အတြင္း ကိုဗစ္(၁၉)၊ မိုခါမုန္တိုင္း၊ ရာဂီမုန္တိုင္းႏွင့္ မႏၲေလးငလ်င္တို႔ကို ႀကဳံေတြ႕ခဲ့ၿပီး ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္မ်ား ထိခိုက္ပ်က္စီးခဲ့ကာ ႏိုင္ငံေတာ္၏ ဖြံ႕ၿဖိဳးတိုးတက္မႈအား အဟန႔္အတားျဖစ္ေစခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
“တပ္မေတာ္အစိုးရတာဝန္ယူတဲ့ (၅) ႏွစ္တာကာလအတြင္းမွာ (၂၀၂၀) ျပည့္ႏွစ္မွာ တစ္ကမာၻလုံးမွျဖစ္ခဲ့တဲ့ ကိုဗစ္ (၁၉) ကူးစက္ေရာဂါေဘး။ ၂၀၂၃ ခုႏွစ္ မိုခါမုန္တိုင္းေဘး။ ၂၀၂၄ ခုႏွစ္ ရာဂီမုန္တိုင္းေဘးနဲ႔ ၂၀၂၅ ခုႏွစ္မွာ မႏၲေလးငလ်င္ေဘးေတြကို ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရၿပီး အဲဒီသဘာဝေဘးအႏၲရယ္ေတြေၾကာင့္ ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြထိခိုက္ပ်က္စီးခဲ့႐ုံသာမက ႏိုင္ငံေတာ္ရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈကိုလည္း အဟန႔္အတားျဖစ္ေစခဲ့ပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိက ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ေဘးအႏၲရယ္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈသည္ အျပန္အလွန္ဆက္ႏြယ္ေနျခင္းျဖစ္သည့္အတြက္ ေဘးအႏၲရယ္မွထိခိုက္ ခံစားရမႈမ်ားအား အခြင့္အလမ္းအျဖစ္ အသုံးျပဳကာ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတာ္အျဖစ္ ႀကိဳးပမ္းတည္ၾကရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
အဆိုပါအခမ္းအနားသို႔ ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒၊ ႏိုင္ငံေတာ္ယာယီသမၼတ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ေကာ္မရွင္ဒုတိယဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ ေကာ္မရွင္အဖြဲ႕ဝင္မ်ား၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္သူ႔လႊတ္ေတာ္တို႔၏ ဥကၠ႒ႏွင့္ ဒုတိယဥကၠ႒မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စု အဆင့္ပုဂၢိဳလ္မ်ား၊ သံတမန္မ်ား၊ နည္းပညာႏွင့္အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ ငလ်င္ေဘးကူညီေပးခဲ့ၾကသည့္အဖြဲ႕အစည္းမ်ား တက္ေရာက္ခဲ့သည္။
အခမ္းအနားတြင္ ငလ်င္ အၿပီး ကယ္ဆယ္ေရး ႏွင့္ ျပန္လည္ထူေထာင္ေရးတြင္ ပါဝင္ကူညီခဲ့ၾကသည့္ ျပည္တြင္း၊ ျပည္ပအဖြဲ႕အစည္းမ်ားအား အမွတ္တရဂုဏ္ျပဳတံဆိပ္ခ်ီးျမႇင့္ရာ ျပည္ပႏိုင္ငံအဖြဲ႕အစည္းမ်ား ကိုယ္စား ထိုႏိုင္ငံမ်ားမွ သံအမတ္ႀကီးမ်ားက လက္ခံခဲ့သည္။
မႏၲေလး ငလ်င္ႀကီးတြင္ ေနျပည္ေတာ္ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ (၁၀) ခုတြင္ ေသဆုံးသူ ၃၈၁၈ ဦး၊ ေပ်ာက္ဆုံးသူ (၅) ဦး၊ ဒဏ္ရာရသူ ၅၁၀၄ ဦး၊ ေဘးသင့္အိမ္ေထာင္စုေပါင္း ၁၆၂၅၆၃ စု၊ ေဘးသင့္လူဦးေရ ၄၂၄၀၆၃ ဦး၊ ယာယီေ႐ႊ႕ေျပာင္းလူဦးေရ ၁၇၉၁၁၁ ဦး ရွိၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုး က်ပ္ ၇၉၇၉ ဘီလီယံေက်ာ္ရွိေၾကာင္း သိရသည္။