ရုပ်ရှင်လောကသား မည်သူမဆို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် အောက်စီဂျင်အိုးငှားရမ်းနိုင်ဟုဆို

809

NP News - သြဂုတ် ၁၃
ရုပ်ရှင်ဗီဒီယိုလောကသားများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အောက်စီဂျင်အိုးများငှားရမ်းရာတွင် မည်သည့်ကန့်သတ်ချက်မှ သတ်မှတ်ထားခြင်းမရှိဘဲ ရုပ်ရှင်လောကသားဖြစ်ရုံဖြင့် အောက်စီဂျင်အိုး လာရောက်ငှား ရမ်းနိုင်ကြောင်း ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံအစည်းအရုံးမှ ရုပ်ရှင်ဗီဒီယိုလောကသားများ အလွယ်တကူအောက်စီဂျင်အိုးငှားရမ်းအသုံးပြုနိုင်ရန် စီ စဉ်ဆောင်ရွက်ခဲ့ရာ ယခုတွင် ရုပ်ရှင်အစည်းအရုံးသို့ အောက်စီဂျင်အိုးများ ရောက်ရှိပြီဖြစ်သဖြင့် အောက်စီဂျင် ဖြည့်သွင်းပြီးသည်နှင့်တပြိုင်နက် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဘယ်တော့စနိုင်မလဲဆိုရင်တော့ ပထမ (၁ဝ) အိုးက အောက်စီဂျင်ထည့်တာရပြီ။ ကျန်တဲ့အိုးတွေထည့်ပြီး ရတာ နဲ့ တန်းငှားမှာပါပဲ။ ငှားရမ်းတဲ့အခါမှာ ရုပ်ရှင်ဗီဒီယိုလောကသားဆိုတာနဲ့ ရပါတယ်။ တခြား သတ်မှတ်ထားတာတော့ မရှိပါဘူး။ ရှေ့ကရောက်တဲ့သူကို အရင်ပေးရမှာပါပဲ။ ဘယ်သူ့ကို ဦးစားပေးမယ်ဆိုတာမျိုးမရှိပါဘူး။ အား လုံးက တန်းတူညီတူပါ”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက NP News ကို ပြော သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ လက်ရှိတွင် အောက်စီဂျင် ၄ဝ လီတာဆန့် အလုံး (၅ဝ) ရှိပြီဖြစ်ပြီး ရုပ်ရှင်အစည်း အရုံးမှ (၄၅) လုံး ဝယ်ယူထားကာ သရုပ်ဆောင်ခိုင်နှင်းဝေမှ (၅) လုံး လှူဒါန်းထားကြောင်း သိရသည်။
“အခုချိန်ထိ တခြားအလှူရှင်တွေ လာလှူတာတော့ မရှိသေးပေမယ့် နောက်ပိုင်း အလှူရှင်တွေများလာရင် ပိုပြီး အဆင်ပြေလာနိုင်ပါတယ်။ ရုပ်ရှင်လောကသားတွေထဲမှ အကူအညီလာတောင်းတဲ့သူတိုင်းကို ကူညီနိုင် အောင် လုပ်ဆောင်သွားမှာပါ”ဟု ဦးအေးကြူလေးက ဆက်လက်ပြောခဲ့သည်။
ရုပ်ရှင်လောကသားများအနေဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် အောက်စီဂျင်အိုးငှားရမ်းလိုပါက ငှားရမ်းမည့် အနုပညာရှင် နာမည်နှင့် လိပ်စာ ကို ယင်းတို့သတ်မှတ်ထားသည့် ဖောင်တွင်ဖြည့်သွင်းပြီး ရမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း သရုပ်ဆောင် ခန့်စည်သူမှ ရုပ်ရှင်လောကသားများအတွက် အောက်စီဂျင်နှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် လူနာတင်ယာဉ်တစ်စီးကို လှူဒါန်းပေးခဲ့ ကြောင်းသိရသည်။
#NPNews