မင်းဘူး(စကု)မြို့နယ်ရှိ ကလေး(၃)ဦး၏ဖခင် ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

 954

NP News - နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ ကလေး(၃)ဦး၏ဖခင် ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အဖွဲ့က သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၁၇ ရက်)၊ နံနက် ၃ နာရီ ၃ဝ မိနစ်အချိန်ခန့်က မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရား ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်နေထိုင်သည့် အသက်(၃၈)နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကြည်လွင်သည် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့က ရောက်ရှိလာပြီး ၎င်းကိုနေအိမ်မှခေါ်လာကာ ကျေးရွာအထွက်အရောက်၌ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သွားခဲ့ကြောင်း သိရသည်။

“အသက်ခံရတဲ့ အုပ်ချုပ်ရေးမှူးက မိသားစုဝင်(၄)ယောက်နဲ့နေတာ။ (၃)လအရွယ် ကလေးလေးကျန်ခဲ့တယ်။ သားသမီး (၃)ယောက်နဲ့ မိန်းမတစ်ယောက်ကျန်ခဲ့တာပေါ့။ ဒီဘက်မှာက အခုကိစ္စက ပထမဆုံးဖြစ်တာ။ အရင်က ဖြစ်လေ့ မရှိပါ ဘူး” ဟု ဒေသခံအမျိုးသား တစ်ဦးက NP News ကို ပြောသည်။

ထို့သို့ပစ်ခတ်ခံရမှုကြောင့် ဦးကြည်လွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် မင်းဘူး(စကု)မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

မြန်မာပြည်အလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နှင့် မကွေးတိုင်းတို့တွင် နယ်မြေခံ PDF လက်နက်ကိုင်အဖွဲ့များစွာရှိနေပြီး အုပ်ချုပ်ရေးမှူးများ အကြမ်းဖက်သတ်ဖြတ်ခံရမှု ယခင်ထက်တိုးလာကြောင်း NP News က ရရှိထားသည့်သတင်းအချက်အလက်များအရ သိရသည်။

Related news

© 2021. All rights reserved.